ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ တာခ်ရိုင်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၇ ယောက် အောက်တိုဘာ ၁၀ ရက် နေ့က ဖမ်းဆီးခံရတယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ကရင်ပြည်နယ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းမှ ဘန်ကောက်မြို့ကို ဦးတည်ထွက်ခွာလာရာစဉ် ဝမ်းကျောက်တိုက်နယ်၊ ရပ်ကွက် ၇ မှာ ထိုင်းအုပ်ချုပ်ရေးအဖွဲ့၊ ထိုင်းရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ပူးပေါင်းဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ဝမ်းကျောက်တိုက်နယ် ဆေးရုံမှာပဲ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးရာမှာ ရောဂါကူးစက်ခံရတာ မရှိတဲ့အတွက် မြန်မာအလုပ်သမား ၃၇ ဦးနဲ့ အတူ ကူညီပံ့ပိုးသူ ထိုင်းနိုင်ငံသား ၁ ဦးတို့ကို ထိုင်းနိုင်ငံရဲ့ ဥပဒေတွေအတိုင်း အရေးယူမယ်လို့ သိရပါတယ်။