Home
မြန်မာသတင်း
စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသကို ထိုးစစ်ဆင်ရန် ကွန်မန်ဒိုတပ်များ နေရာချ
DVB
·
October 10, 2021

အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီတပ်တွေက အင်အားသုံး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီး စစ်ကိုင်းတိုင်းအတွင်း ဒီပဲယင်းမြို့မှာ ကင်းထောက်ဂျက်လေယာဉ်တွေ အသုံးပြုကာ ကွန်မန်ဒိုတပ်တွေသားတွေကို ရဟတ်ယာဉ်နဲ့ နေရာချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသကို ထိုးစစ်ဆင်မယ်ဆိုတာနဲ့ ကင်းထောက်ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ကွန်မန်ဒိုတပ်တွေကိုပါ နေရာချနေတာ မှန်ကန်ကြောင်း စစ်ကိုင်းဒေသခံ PDF ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

ရေဦး PDF ခေါင်းဆောင်တစ်ဦးက “ဒီပဲယင်းမှာ ကွန်မန်ဒို တပ်စိတ်တွေ ရဟတ်ယာဉ်နဲ့ လာချသွားတယ်။ အောက်တိုဘာ ၉ ရက်နေ့ ထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းဟာ ၇၀ ရာခိုင်နှုန်းလောက်အထိ မှန်တယ်လို့ မှတ်ယူရမှာပေါ့။ ကျနော်တို့ကတော့ ပြည်သူ့အားနဲ့ပဲ နိုင်မြင်းဖြစ်အောင်လုပ်ကြရမှာပဲ။"

ရေဦးမြို့၊ တောင်ပြင်ငယ်ကျေးရွာကို စစ်ကောင်စီက အကြမ်းဖက်ဝင်ရောက်ရှာဖွေခဲ့ပြီး PDF လူငယ် ၂ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေအတွက် စစ်ကိုင်းဒေသခံ PDF တွေက တုံ့ပြန်မယ်လို့ ဆိုပါတယ်။

"PDF လူငယ်နှစ်ယောက်ကို မိသွားတယ်။ သူတို့ကို မိုင်းဆွဲဖို့ကြိုးစားနေတဲ့ အဖွဲ့တွေက ဆုတ်ခွာနိုင်ပေမယ့် သူတို့နှစ်ယောက်ကို မိသွားတယ်။ သတ်ပြီးတော့မှ ဆိုင်ကယ်ပေါ်တင်ပြီး မီးရှို့တာလား ဒါမှမဟုတ် မသေမရှင် မီးရှို့တာလားဆိုတာ ကျနော်တို့ မသိရဘူး။ တောင်ပြင်ငယ်ကျေးရွာမှာ နာမည်စာရင်းနဲ့တကွ ကျနော်တို့ကိုရှာဖွေတာခံရတယ်။ အောင်သုခရွာဘက်မှာလည်း အိမ်ပေါက်စေ့နီးပါး မွှေပြီးတော့ မင်းကင်းနယ်ဘက်ကို ပြန်ထွက်သွားတယ်။

စစ်ကောင်စီက အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊  စလင်းကြီးနဲ့ မြောင်မြို့နယ်တွေမှာ သမားရိုးကျမဟုတ်ဘဲ နယ်မြေရှင်းလင်းရေးအတွက် အင်အားအများအပြားသုံးနေသလို PDF ခေါင်းဆောင်တွေကိုလည်း ပစ်မှတ်ထားရှာဖွေနေပြီး ကင်းထောက်ဂျက်လေယာဉ်တွေ အသုံးပြုနေပါတယ်။ 

ဒီအခြေအနေမှာ စစ်ကောင်စီက မြို့နယ်တစ်ခုကို အင်အားသုံးလာပါက တခြားမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ အင်အားလစ်ဟာမှုကို PDF တွေက အခွင့်အရေးယူတိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်လို့ ပုလဲ PDF တာဝန်ရှိသူတဦးဖြစ်တဲ့ ဗိုလ်နဂါးက ပြောပါတယ်။

"မြိုင်၊ စလင်းကြီး၊ မြောင်တို့မှာ သမားရိုးကျမဟုတ်တဲ့ နယ်မြေရှင်းလင်းဝင်ရောက်တာတွေ တွေ့ရတယ်။ စစ်ကြောင်းတစ်ကြောင်းလောက်နဲ့ ရွာစဉ်လှည့်တာမျိုး မဟုတ်ဘဲနဲ့ အင်နဲ့အားနဲ့ ဖြန့်ဝိုင်းပြီးတော့ မြို့နယ်တွေမှာ PDF ရှိတယ်လို့ သူတို့ ထင်တဲ့နေရာတွေကို ဝိုင်းလာတာတွေရှိတယ်။ ဒီပဲယင်းဘက်မှာလည်း အဝိုင်းပတ်ပုံစံနဲ့ စစ်ကြောင်းထိုးလာတာတွေ ရှိတယ်။ ဂျက်လေယာဉ်နဲ့ အပေါ်မှာဝဲပြီးတော့ ကင်းထောက်ပေးတဲ့ သဘောလား မသိဘူး။ အဲဒီလိုလှုပ်ရှားတာတွေ ရှိလာတယ်လို့ သတင်းရတယ်။ နောက်ရက်တွေမှာလည်း တခြားမြို့နယ်တွေကို ဆင့်ကဲပြီး ထိုးစစ်ဆင်လာလိမ့်မယ်လို့ ထင်တယ်။ မြို့နယ်တစ်ခုမှာ သူတို့အင်အားသုံးနေရင် တခြားမြို့နယ်မှာ သူတို့ အင်အားလစ်ဟာမယ်။ အဲဒီအချိန်မှာ ဝင်တိုက်ကြဖို့ လိုတယ်။"

စစ်ကိုင်းတိုင်း၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံမှာတည်ရှိတဲ့ မြောင်မြို့ကိုလည်း စစ်ကောင်စီက စစ်ကြောင်းသုံးခုနဲ့ထိုးစစ်ဆင်ဖို့ ကြိုးစားနေပြီး နယ်မြေစိုးမိုးရေးအတွက် ရဟတ်ယာဉ်တွေ အသုံးပြုနေတယ်လို့ မြောင် PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“အင်အား ၁၀၀ လောက်နဲ့ စစ်ထိုးလာတယ်။ ကားကြီးတစ်စီးနဲ့ ကားလေး ၄ စီး၊ စုစုပေါင်း ၅ စီးနဲ့ ထိုးလာတယ်။ မြောင်ကနေ ကျောက်ရစ်ဘက်ကို ထိုးစစ်ဆင်လာတယ်။ မြောင်မှာရှိတဲ့ စစ်သားတွေအပြင် စစ်ကိုင်းက စစ်သားတွေ ထပ်ရောက်နေတယ်။ မနက် ၇ နာရီခွဲ ၈ နာရီလောက် ထိုးစစ်ဆင်လာတာပေါ့။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ၅၀ ရောက်လာလိုက်၊ ၁၀၀ ရောက်လာလိုက်နဲ့ သူတို့လှုပ်ရှားနေတာ။ မြောင်၊ ဘုရင်မ ကားလမ်းတကြော၊ ကျောက်ရစ်မှာ အင်အား ၁၀၀၊ မြောင်ကနေပြီးတော့ နယ်ထဲကို ဆင်းလာတာက တလမ်းကြော၊ ဧရာဝတီမြစ်ကမ်းဘက်ကိုလည်း တကြောဆင်းတယ်ဗျာ။ အဲဒီလို ထိုးစစ်ဆင်တယ်။ ဟတ်စကီးကလည်း သူတို့ဆင်ထားတဲ့လမ်းကြောအတိုင်းပဲ ပျံသွားတာ။”

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ်မှာ PDF တွေကို ရွာစဉ်လှည့်ရှာဖွေနေပြီး ဒေသခံပြည်သူတွေအား ရိုက်နှက်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသထဲက မြို့နယ်တချို့ကို စက်တင်ဘာ တတိယပတ်ထဲက အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ခဲ့ပါတယ်။ 

အောက်တိုဘာ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ အနောက်မြောက်တိုင်းစစ်ဒေသကို အင်အားသုံး ထိုးစစ်ဆင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ တောတောင်ထဲမှာ ပုန်းရှောင်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ 

စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် နယ်စပ်အနောက် မြောက်တိုင်းစစ်ဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၄ သောင်းကျော်ရှိနေပြီး စားဝတ်နေရေး ခက်ခဲနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024