လုံခြုံရေးဝန်ထမ်းကို ထိုးကြိတ်ခဲ့သည့် မန်ယူနောက်ခံလူဟောင်းရိုဟိုကို ၅ ပွဲပယ်ပြစ်ဒဏ်ချမှတ်

တောင်အမေရိကချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ လုံခြုံရေးဝန်ထမ်းကို ထိုးကြိတ်ခဲ့တဲ့နောက်ခံလူ ရိုဟိုကို ၅ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ပေါင် ၁ သောင်း ၈ ထောင်ချမှတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က  ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးနဲ့ ပွဲစဉ်အပြီးမှာ ဘိုကာဂျူနီယာနောက်ခံလူ ရိုဟိုက ကွင်းလုံခြုံရေးဝန်ထမ်းကို လက်သီးနဲ့ ထိုးကြိတ်ခဲ့တာပါ။ 

အဲဒီရှုံးထွက်ပွဲစဉ်မှာ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းမှာ ဘိုကာဂျူနီယာဘက်က သွင်းခဲ့တဲ့ဂိုးဟာ လူကျွံခဲ့လို့ ဒိုင်လူကြီးက ပယ်ဖျက်ခဲ့ပါတယ်။ 

ပွဲအပြီး ပင်နယ်တီကန်သွင်းရာမှာတော့ အက်သလက်တီကို မင်နဲရိုးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဘိုကာဂျူနီယာအသင်းသားတွေဟာ မင်နဲရိုး ကစားသမားတွေရှိတဲ့ အဝတ်လဲခန်းအထိ သွားရောက်ရန်ရှာခဲ့ကြတာပါ။

အာဂျင်တီးနား မီဒီယာတွေကတော့ မင်နဲရိုးအသင်း ဥက္ကဋ္ဌက အဝတ်လဲခန်းနားမှာ လှောင်ပြောင်မှုပြုလုပ်ခဲ့တာကြောင့် ဘိုကာဂျူနီယားအသင်းသားတွေက ဒေါသထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အဲဒီအဖြစ်အပျက်ကို ထိန်းဖို့ လုံခြုံရေးဝန်ထမ်းတွေက တားဆီးခဲ့ရာမှာ ရိုဟိုက ပြန်လည်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၁ နှစ်ရှိ ရိုဟိုဟာ မန်ယူအသင်းမှာ  ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာအထိကစားခဲ့ပြီးနောက် ဘိုကာဂျူနီယာအသင်းကို အလွတ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

More News
Up