Home
မြန်မာသတင်း
မူဆယ်မြို့နယ်တွင် ကိုးကန့်နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
October 8, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်တို့မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၇ နာရီလောက်ကစပြီး စစ်ကောင်စီတပ်က မုံးကိုးကနေ ဖောင်းဆိုင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မုံးကိုး ဒေသခံ တဦးက ပြောပါတယ်။

"လက်နက်ကြီးပဲ ပစ်တယ်။ ခဏနေ ပစ်လိုက်၊ ခဏနေ နားလိုက် ပစ်နေတယ်။ ဖောင်းဆိုင်ဘက် တော့ လက်နက်ကြီးရော၊ လက်နက်သေးရော ကြားနေရတယ်။" 

စစ်ကား ၁၀ စီးလောက် စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ဖို့ မုံးကိုးဘက်သွားနေပြီလို့ မုံးကိုး နဲ့ ကြူကုတ် (ပန်ဆိုင်း) ကြားက ရွာခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၇ ရက် ည ၇ နာရီကနေ ည ၁၀ နာရီလောက်အထိ ဖောင်းဆိုင်ဘက်မှာ လက်နက်ကြီးရော လက်နက်ငယ်နဲ့ပါ ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"မနေ့ည ကျနော်တို့ အိမ်နားက ဘော်လုံးကွင်းမှာ ကိုးကန့်တွေ လာပစ်တယ်။ အဲဒီနောက် ဒီမနက်တော့ တင့်ကား စမ်းပစ်တာ ထင်တယ် ခုဏထိ ပစ်‌နေတယ်။ ရွာထဲတော့ ဘာမှ မဖြစ်ဘူး။ ရွာအပြင်ဘက်မို့။"

ကြူကုတ် (ပန်ဆိုင်း) အနီးက နမ့်ဘာတက် ရွာနားမှာလည်း အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီ ၅၀ ခန့်ကနေ ည ၈ နာရီကျော်ထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နမ့်ဘာတက် ရွာခံတဦးက ပြောပါတယ်။

"အစကတော့ တရုတ်တွေ ဗျောက်ဖောက်တယ် ထင်နေတာ ဘယ်ဟုတ်မလဲ။ နှစ်ဖက် ပစ်တာ မီးလျှံတောင် မြင်ရတယ်။ မိုင်းပေါက်သံတွေ လည်းကြားတယ်။ လက်နက်ငယ်ရောပဲ။ လက်နက်ငယ် ကျည်က ရွာဘက်ကျလာတာ။ အမျိုးသားတစ်ယောက်ရဲ့ ခါးနား ရှပ်ထိသွားတယ်။" 

ဒီလိုထိတွေ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင် တို့မှာ ဇူလိုင်လဆန်းပိုင်းကစ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ရှောင်စခန်းတွေမှာလည်း အမိုးအကာတွေ ဆွေးမြေ့ ပျက်စီးလာတာကြောင့် အခက်အခဲ ဖြစ်နေကြသလို ကိုဗစ်-၁၉ ပိုး‌တွေ့ စစ်ဘေးဒုက္ခသည်တွေအတွက်လည်း ဆေးဝါးနဲ့ ကုသရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်ဘက်တွေမှာ စစ်ရေး ပဋိပက္ခကြောင့် လက်နက်ကြီး ကျည်ထိမှန် သေဆုံးသူ အရပ်သား ပြည်သူ ၇ ဦး၊ ဒဏ်ရာရသူ ၂ ဦး၊ မိုင်းနင်းမိ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၁ ဦး၊ အနည်းငယ် ရှပ်ထိ  သူ ၂ ဦး ရှိခဲ့ တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နှစ်ဘက်တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024