တူရကီတွင် ပင်လယ်ပြင်ညစ်ညမ်းမှုကြောင့် ငါးဖမ်းလုပ်ငန်း ထိခိုက်

တူရကီနိုင်ငံက လူဦးရေအထူထပ်ဆုံး အစ္စတန်ဘူလ်မြို့တော်ရဲ့အပြင်ဘက်  မာမာယာပင်လယ်မှာ သဘာဝကပ်ဆိုးတစ်ခုအနေနဲ့ ပင်လယ်နှပ်ချေးလို့ လူသိများတဲ့ ပင်လယ်ပြင် အကျိ အချွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဒေသခံငါးဖမ်းလုပ်ငန်းကို ထိခိုက်နေပါတယ်။

"sea snot" ပင်လယ်နှပ်ချေးဟာ ပင်လယ်ပြင်ထဲမှာ ရေညှိနဲ့ ရေမျောတို့ကနေ သဘာဝအလျောက် ထုတ်လွှတ်တဲ့ ဂျယ်လက်တင် သဘာဝပစ္စည်းတခု ဖြစ်ပါတယ်။

သူ့မှာ အဆိပ်အတောက်မပါ၀င်ပေမဲ့လည်း အဲ့ဒီအကျိအချွဲဟာ အဏ္ဏဝါပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့ ဘက်တီးရီးယားတွေကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိပါတယ်။ 

လွန်ခဲ့တဲ့သုံးလလောက်က မာမာယာပင်လယ်မှာ ပင်လယ်နှပ်ချေးအကျိအချွဲတွေ များပြားဖုံးအုပ်လာတဲ့ ရေပြင်ညစ်ညမ်းမှုကို ကြုံတွေ့ရခဲ့ပြီး ဒေသခံအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ပင်လယ်မျက်နှာပြင်ကနေ ခေတ္တခန ရှင်းလင်းပျောက်ကွယ်သွားပေမဲ့ ပင်လယ်ကြမ်းပြင်မှာ  စုပုံရှိနေတာတွေကြောင့် ပင်လယ်ငါးဖမ်းလုပ်ငန်းကို များစွာ ထိခိုက်စေပါတယ်။  

တံငါသည်တွေဟာ ငါးဖမ်းဖို့ ပိုက်ကွန်ချတဲ့အခါ ပင်လယ်နှပ်ချေးတွေနဲ့ပိုက်တွေ လုံးထွေး ရစ်ပတ်သွားပြီး ပိုက်ကို ဆွဲတင်လိုက်တဲ့ ကျိုးကုန်တယ်လို့ အစ္စတန်ဘူလ် ပင်လယ်စာဆိုင် ပိုင်ရှင် ကပြောပြပါတယ်။ 

ဇွန်နဲ့ဇူလိုင်လတွေမှာ ပင်လယ်နှပ်ချေးပြဿနာပေါ်တုန်းက ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စိုးရိမ်ကြတဲ့ ဖောက်သည်တွေ ပင်လယ်စာတွေကို အဝယ်နည်းသွားပြီး ပင်လယ်စာရောင်းအားက ၇၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ 

၃ လကျော်ကြာလောက် တူရကီဟာ ငါးဖမ်းခြင်းကိုရပ်ဆိုင်းလိုက်ပြီး လူတွေကိုတော့ ငါးဖမ်းဖို့ ခွင့်ပြုထားပေမယ့် အခြေအနေက မတိုးတက်သေးဘူး လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ မာမာယာပင်လယ်ရှိ ဂေဟစနစ်အကျပ်အတည်းဟာ ဒေသခံ ငါးလုပ်ငန်းအပေါ် သက်ရောက်မှုထက် ပိုပြင်းထန်တယ်လို့ ပြောကြပါတယ်။

စက်မှုလုပ်ငန်းနဲ့ အိမ်သုံးစွန့်ပစ်ရေကို မမှန်မကန်စွန့်ပစ်ခြင်းနဲ့ အလွန်အကျွံငါးဖမ်းခြင်းကို ထိရောက်စွာမထိန်းချုပ်နိုင်သရွေ့ "ပင်လယ်နှပ်" က ဆက်လက် ကြီးထွားလိမ့်မယ် လို့ အစ္စတန်ဘူတက္ကသိုလ်ရဲ့ အဏ္ဏဝါသိပ္ပံနှင့်စီမံခန့်ခွဲမှုဌာနမှ ပါမောက္ခ အဟဆန်ယောက်ဆစ်ခ်က ပြောပါတယ်။ 

လူလုပ် သန့်ရှင်းရေးကြိုးပမ်းမှုကလည်း ပြဿနာရဲ့မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ဘူး လို့ ဆိုပါတယ်။ 

လက်ရှိအချိန်မှာတော့ တူရကီရေကြောင်းပညာရှင်တွေဟာ အစိုးရကို အစီအမံ ၂၁ ခု တင်ပြထားပြီး အဏ္ဏဝါဂေဟစနစ်ကိုကာကွယ်ဖို့ လုံလုံလောက်လောက် အာရုံစိုက်ပေးဖို့ တောင်းဆို ထားပါတယ်။ 

More News
Up