ရန်ကုန်မြို့ Brave Bar မှာ မနေ့ညကဖမ်းဆီးခံရတဲ့ လူငယ်တွေထဲ လူကြီးသားသမီးတွေ ပါဝင်နေတာကြောင့် အားလုံးကို ခံဝန်နဲ့ အောက်တိုဘာ ၈ ရက် ဒီကနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်းက ပြောပါတယ်။
“တစ်ယောက်ကို ပိုက်ဆံဘယ်လောက်ပေးရလဲတော့မသိဘူး။ အဖမ်းခံရတဲ့အထဲမှာ လူကြီးသားသမီးပါတယ်ဆိုတော့ ခံဝန်နဲ့ ဒီကနေ့မနက်မှာပြန်လွှတ်ပေးလိုက်တယ်။ အနုပညာရှင်တချို့လည်းပါတယ်ကြားတယ်။ မျက်နှာကြီးတယ်လေ” လို့ စစ်တပ်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar ကို အောက်တိုဘာ ၇ ရက် မနေ့ည ၁၁ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီတပ်သားတွေဝင်ရောက်စစ်ဆေးပြီး အမျိုးသားနဲ့ အမျိုးသမီး ၂၅၀ လောက်ကို မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။