သီတင်းတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၂၇ ဦး သေဆုံး

ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း မြန်မာနိုင်ငံ ဒေသအနှံ့အပြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခဖြစ်စဉ်တွေမှာ အကြမ်းဖက်စစ်ကောင်စီဘက်က တပ်သား ၄၂၇ ယောက်သေဆုံး ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG  ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ရရှိထားတဲ့ စာရင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူလည်း  ၁၈၃ ယောက် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်  ၂၆ ကြိမ်တိတိရှိခဲ့ပြီး ပြည်သူ ၁၄ ယောက်အထိ သေဆုံးခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

နိုင်ငံတော်ရဲ့ အနာဂတ်ဟာ နိုင်ငံသားအားလုံးရဲ့ လက်ထဲမှာသာ ခိုင်ခိုင်မာမာရှိနေမှာ ဖြစ် ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၀ နီးပါး၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၇၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဆန့်ကျင် ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

More News
Up