ကျူးဘားတွင် မီးတောင်နှင့်ဖုန်တိမ်တိုက်ကြောင့် လေထုညစ်ညမ်းမှု သတိပေး

ဆာဟာရကန္တာရက ကြီးမားတဲ့ ဖုန်တိမ်တိုက်ကြီးနဲ့ ကာနာရီကျွန်းစုက မီးတောင် ပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ ကန့်ပါတဲ့ ဖုန်တွေရောပြီး ကျူးဘားနိုင်ငံရဲ့ ကောင်းကင်ပြာဟာ အညိုရောင်ကို ပြောင်းနေတာပါ။
လေထုအရည်အသွေးကလည်း မကျန်းမမာ ဖြစ်စေတဲ့အဆင့်ထိ ကျဆင်းနေလို့ ကျန်းမာရေး ဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
ဟာဗားနားကမ်းရိုးတန်း ကမ်းမြောင်ဒေသက ကောင်းကင်တွေရဲ့ ပုံကို ရိုက်တာ သတင်းဌာနရဲ့ ရုပ်သံထဲမှာ ပြထားပါတယ်။
အားကောင်းပူနွေးတဲ့ လေတွေဟာ ဆာဟာရကန္တာရထဲက သဲတွေကို မှုတ်ယူ သယ်လာပြီး မိုင်ထောင်ချီဝေးတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ရင်း အမေရိကတိုက်တွေဆီကို ဒီလိုအချိန်မှာ ရောက်လာလေ့ ရှိပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ကာနာရီကျွန်းစုရဲ့ လာပယ်မာ ကျွန်းပေါ်က ကမ်ဘရေ ဗေးဂျာ မီးတောင် ပေါက်ကွဲလို့ ထွက်လာတဲ့ ပြာမှုန်တွေပါ ရောနေတယ်လို့ ကျူးဘား မိုးလေဝသဌာနက ပြောပါတယ်။
ဖုန်တိမ်တိုက်ကြီးဟာ အောက်တိုဘာ ၅ ရက်မှာ ကျူးဘားနိုင်ငံအနောက်ပိုင်းကို ရောက်လာခဲ့လို့ အမှုန်တွေနဲ့ထိတွေ့မှု လျှော့ချနိုင်ရေး ပြည်သူတွေ အခန်းထဲမှာ နေကြဖို့ အာဏာပိုင်တွေ က အကြံပြု ထားပါတယ်။