ကမ္ဘာတဝန်း ဂျာနယ်လစ်များအပေါ် ခြိမ်းခြောက်မှု ပိုဆိုးလာဟု RSF သတိပေး

ကမ္ဘာတဝန်း ဂျာနယ်လစ်တွေပေါ်  ခြိမ်းခြောက်မှုတွေဟာ လတ်တလောနှစ်တွေမှာ ပိုပြီး အမျိုးအစားစုံလာတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က သတိပေးလိုက်ပါတယ်။

မီဒီယာ လွတ်လပ်ခွင့်ကို ခုခံကာကွယ်ရာမှာ ကမ္ဘာ့အကြီးဆုံး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ (RSF)ဟာ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ထောက်ကူအားပေးသူပါ။ အခြေခံ လူ့အခွင့်အရေးဟာ အကြောင်းကြားခံရဖို့နဲ့ သူတပါးကို ပြန်အကြောင်းကြားနိုင်ဖို့လို့ သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြပါတယ်။

လွတ်လပ်တဲ့အပြုအမူနဲ့ မတူခြားနားတဲ့ အမြင်တွေကို စွဲကိုင်ထားတဲ့ သတင်းထောက်တွေကို သူတို့က ကာကွယ်နေတယ်လို့ (RSF) က ပြောပါတယ်။

ဘဲလာရုစ်၊ မြန်မာ၊ အမေရိကန်နဲ့ တူရကီနိုင်ငံတွေအပါအဝင် နိုင်ငံအသီးသီးက စာနယ်ဇင်း လွတ်လပ်ခွင့်အတွက်ကိုလဲ ဆော်သြခဲ့ပါတယ်။

ကမ္ဘာတဝန်း သတင်းထောက် အယောက် ၃၀၀ ကျော်ထောင်ချခံထားရတယ်လို့လည်း  (RSF)ရဲ့ ညွှန်ချုပ်စရစ်စတော့ဖ် ဒေလွိုင်ရေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အရင်ကအာဏာရှင်ဆန်တဲ့ စစ်အစိုးရတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကြီးဆုံး ချိုးဖောက်သူတွေ ဖြစ်ခဲ့ကြတယ် ဒီနေ့မှာတော့ မာဖီးယား ဂိုဏ်းတွေ၊ အစွန်းရောက် အုပ်စုတွေနဲ့ တချို့ လှုပ်ရှားမှုတွေဟာ သတင်းထောက်တွေကို ခြိမ်းခြောက်မှု ဖြစ်လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“နာမည်ဖော်ထုတ်ပြီး အရှက်ရစေတဲ့ ဗျူဟာက မလုံလောက် တော့ဘူး။ မီဒီယာဖော်ပြချက်ရဲ့ ဖိအားနဲ့ မလုံလောက်တော့ဘူး။ ဒါကြောင့် ကျနော်တို့ တိုက်ရိုက်ညှိုနှိုင်းတဲ့ ဗျူဟာသစ်ကို စကျင့်သုံးနေပြီ။ ကျနော်တို့ဟာ လူဆိုးတွေနဲ့ပါ အဆက်အသွယ်ရှိ လာပြီး ဆွေးနွေးလာခဲ့ရတယ်”လို့  ညွှန်ချုပ်စရစ်စတော့ဖ် ဒေလွိုင်ရေကပြောပါတယ်။

စာနယ်ဇင်းပညာသာ မရှိရင် သဘောထားတွေ ထုတ်ဖော်ပြော ဆိုချက်တွေအတွက် ဘယ်လိုလွတ်လပ်ခွင့်မှရှိမှာ မဟုတ်တော့ဘူးလို့ သူက ပြောပါတယ်။

RSF ဟာ ရိုက်တာသတင်းဌာနက သတင်းထောက် မြန်မာနိုင်ငံသား ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ မာလီနိုင်ငံက ဘာသာရေးစစ်ဝါဒီတွေ ဖမ်းတာခံရတဲ့ ပြင်သစ် သတင်းထောက်နဲ့ ဘဲလာရုစ် အတိုက်အခံ ဘလော့ဂါတို့ကို ပြန်လွှတ်ပေးဖို့ လှုပ်ရှားခဲ့ဖူးပါတယ်။

မတ်လမှာတော့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံ မင်းသားနဲ့ ခေါင်းဆောင်တွေက သတင်းထောက် ဂျမဲလ် ခက်ရှားဂျီကို သတ်ဖြတ်မှုအတွက် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ တရားရုံးမှာ လျှောက်ထား အမှုဖွင့်ခဲ့ပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်လှုပ်ရှားဆောင်ရွက်နေတဲ့   (RSF) အဖွဲ့ဟာ   ၂၀၂၁ ဒီနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့ အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။  

၂၀၂၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်ဒေါ်လာ ၁၁သိန်းကျော်နဲ့ ညီမျှတဲ့ ဆွီဒင် ခရောင်းငွေ ဆယ်သန်းရမှာ ဖြစ်ပြီး ဆုရှင်ကို အောက်တိုဘာ ၈ရက်မှာ ကြေညာမှာဖြစ်ပါတယ်။

More News
Up