ထိုင်းတွင် ရွှေ့ပြောင်းလုပ်သားများနှင့် အထောက်အထားမဲ့ ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

ထိုင်းကြက်ခြေနီအသင်းဟာ အောက်တိုဘာ ၅ ရက်ကစပြီး အထောက်အထားမဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကာကွယ်ဆေးထိုးပေးနေပြီး ကာကွယ်ဆေးလာထိုးသူ များတယ်လို့ ကြက်ခြေနီအသင်းရဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က ဘုရင်မ ဆောင်ဝါ့ဖာတက္ကသိုလ်မှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၅၀ လောက် ကာကွယ်ဆေး ထိုးဆေး ပထမတလုံးကို လာရောက်ထိုးနှံခဲ့ပါတယ်။

အထောက်အထားမဲ့ ဒုက္ခသည်တွေလည်း တက္ကစီတွေ၊ ဘတ်စ်ကားတွေနဲ့ လာပြီး ဆေးထိုးခံခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ကြက်ခြေနီအသင်း အတွင်းရေးမှူးချုပ်က “ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာက ထိုင်းနိုင်ငံထဲမှာ နေတဲ့ ရွှေ့ပြောင်းလုပ်သားဦးရေ ဘယ်လောက်ရှိလဲဆိုတာ အတိအကျ မသိတာပဲ၊ ရွှေ့ပြောင်းလုပ်သား များနိုင်သမျှ များများ ကာကွယ်ဆေးထိုးရင် ထိုင်းပြည်သူတွေအတွက်လည်း အကျိုးရှိတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်း (IFRC) နဲ့ ရွှေ့ပြောင်းနေထိုင်သူများ လုပ်ငန်းအုပ်စု (MWG) တို့လို လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ ကွန်ရက်တွေရဲ့ အားကိုးနဲ့ ကာကွယ်ဆေး ပိုထိုးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီနေရာဟာ ဘန်ကောက်မှာ လကုန်ထိ ဖွင့်ပေးမယ့် ကာကွယ်ဆေး ထိုးနှံရေးဌာန လေးခုထဲက တခုပါ။ 

တရုတ် ကြက်ခြေနီအသင်းက လှူတဲ့ စီနိုဖန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးဆေးလုံးရေ ၁ သိန်းကို လက်ခံရရှိအပြီး လာမယ့် သီတင်းပတ်မှာ လူအယောက် ၅,၀၀၀  ကို ကာကွယ်ဆေး ၂ လုံး အပြည့်ထိုးပေးသွားဖို့ ရည်မှန်းထားတယ်လို့ ထိုင်းကြက်ခြေနီအသင်းက ပြောပါတယ်။

More News
Up