ကိုဗစ်ကြောင့် သေဆုံးသူ ၇ သိန်းပြည့်အထိမ်းအမှတ် ဝါရှင်တန်တွင် ခေါင်းလောင်း အကြိမ် ၇၀၀ တီးခတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း သေဆုံးသူ အမေရိကန်နိုင်ငံသား အယောက် ၇ သိန်း ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန်ဒီစီက နိုင်ငံတော်ဆိုင်ရာ ခရစ်ယာန် ဘုရားကျောင်းတော်ကြီးမှာ အောက်တိုဘာ ၅ ရက်က ခေါင်းလောင်း အကြိမ်ရေ ၇၀၀ တီးခတ်ခဲ့ပါတယ်။
၂၀၂၀ မတ်လကစပြီး တကမ္ဘာလုံးကို ပျံ့နှံ့ကူးစက်ခဲ့လို့ စုစုပေါင်း လူဦးရေ ၄ ဒသမ ၈ သန်းကျော် သေဆုံးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ မိုင်တိုင်ကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
သေဆုံးသူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဘုရားကျောင်းပရဝဏ်ထဲက လူတွေ အတော်များများက မတ်တတ်ရပ်ရင်း ငြိမ်သက်နေခဲ့ကြပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ထိ ရထားတဲ့ စာရင်းအရ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၇၀၂,၃၆၀ ရှိပြီလို့ ရောဂါ ထိန်းချုပ်ဟန့်တားရေးဌာနက ပြောပါတယ်။
ဇွန်လက အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံ သေဆုံးသူဦးရေ ၆ သိန်း ပြည့်ခဲ့လို့ နိုင်ငံတော်ဆိုင်ရာ ခရစ်ယာန် ဘုရားကျောင်းတော်ကြီးမှာ ခေါင်းလောင်းတွေ အကြိမ်ရေ ၆၀၀ တီးခတ်ခဲ့ပါတယ်။