Home
မြန်မာသတင်း
နမခတိုင်းမှူး စစ်ကြောရေးတွင် လက်လွန်သေဆုံးဟု သတင်းထွက်ပေါ်
အောင်သူ
·
October 6, 2021

စီမံခန့်ခွဲမှုညံ့ဖျင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအကျယ်ချုပ်ကျခံနေရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ဟာ စစ်ကြောရေးမှာ လက်လွန်ပြီး သေဆုံးသွားခဲ့ပြီလို့ မိသားစုနဲ့နီးစပ်သူက ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။

အနောက်မြောက်စစ်‌ဒေသမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို စစ်တပ်က နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားပြီး သူနေရာမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ၂ ယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စေလွှတ်ကာ ကိုင်တွယ်ခိုင်းလိုက်တယ်လို့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒီဗွီဘီသတင်းဌာနရဲ့ တပ်တွင်းသတင်းအရင်းအမြစ်တစ်ယောက်ကတော့ နမခတိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့် သေဆုံးသွားပြီဆိုတာကို သူနဲ့နီးစပ်သူတွေအသိုင်းအဝိုင်းက ပြောဆိုနေကြပေမဲ့ သူ့အနေနဲ့ သေ၊ မသေဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တာတွေကို ဖြေရှင်းကိုင်တွယ်ဖို့ နမခ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို ဖမ်းဆီးလိုက်ပြီး အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး   ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ယာယီတိုင်းမှူးအဖြစ် တာဝန်ပေးလိုက်တာလို့ ပြောပါတယ်။

လက်ရှိမှာ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဟာ တိုင်းစစ်ဌာနချုပ် ဖြစ်တဲ့ မုံရွာကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ 

ဗိုလ်မှူးချုပ်ဖြိုးသန့်နဲ့နီးစပ်တဲ့ အရာရှိတစ်ယောက်က “အခုကြားနေတဲ့အတိုင်းသာ ဗိုလ်မှူးချုပ်ဖြိုးသန့် သေတာ မှန်ခဲ့ရင် တပ်တွင်းပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ ဗိုလ်ချုပ်ဖြိုးသန့်က အရင် စကခ ၄ က သူတပည့်တွေလည်း ဒါကိုသိရင် ကျေနပ်ကြမှာမဟုတ်ဘူး။ စောင့်သာကြည့်ကြပါတော့လို့ပဲ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ဟာ တေဇ ၂၃ ကဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စကခ ၄ တပ်မမှူးတာဝန်နဲ့ ရန်ကုန်တိုင်းထဲက အရေးကြီးတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့နေရာမှာ ပါဝင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ပြီး မကြာခင်မှာပဲ ဗိုလ်မှူးချုပ်ဖြိုးသန့်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးတိုးပေးခဲ့တာပါ။

နမခ တိုင်းမှူးအဖြစ် တာဝန်ယူချိန်မှာ ဗိုလ်မှူးချုပ်ဖြိုးသန့်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြန်လည်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းနိုင်ခြင်းမရှိဘဲ စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှု များလာတာတွေ၊ စစ်ကိုင်းတိုင်းအတွင်း PDF အင်အားအဆမ တန်များပြားလာတာတွေကြောင့် စီမံခန့်ခွဲ့မှုညံ့ဖျင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ထိန်းသိမ်းခံလိုက်ရတာလို့ တပ်အတွင်း သတင်းအရင်းအမြစ်တစ်ယောက်က ပြောဆိုပါတယ်။

အခု အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ယာယီတာဝန်ယူမယ့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်တက္ကသိုလ်အမှတ်စဉ် ၂၉ ကျောင်းဆင်းဖြစ်ပြီး  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်တာဝန်စယူချိန်က ဖွင့်လှစ်ခဲ့တဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်ရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး အာဏာသိမ်းပြီးမကြာခင်မှာ နေပြည်တော်ကို ကွပ်ကဲရတဲ့ အမှတ် ၆ စစ်ဆင် ရေးအထူးအဖွဲ့မှူး ရာထူးတိုးပေးခဲ့သလို ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်‌တွေကို ပေးအပ်ခံခဲ့ရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ရန်ကုန်ပြည်သူလူထုကို အကြမ်းဖက် ဖမ်းဆီးပစ်သတ်ဖြတ်ဖို့ အနီးကပ်စေခိုင်းခဲ့တဲ့သူဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့က ပဲခူးမြို့ ပဲခူးမြစ်ဖျား တိုက်ကြီးကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုစိုးမိုးလှိုင်(ခ) မဲကြီးဟာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။ ကိုစိုးမိုးလှိုင် စစ်ကြောရေးမှာ နှိပ်စက်ခံဒဏ်ရာတွေနဲ့ မေလ ၂၄ ရက်နေ့မှာ သေဆုံးခဲ့ပြီး ရဲချုပ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဟာ ညီဖြစ်သူသေဆုံးခဲ့တာကို နုတ်ဆိတ်နေခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ထပ်မံပြသခဲ့သူဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုယ်တွယ်မယ့် အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ထက် အရင် တိုက်ရိုက်ကွပ်ကဲဖို့ ရောက်ရှိနေခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ OTS 73 ကဖြစ်ပြီး အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူးမဖြစ်ခင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကချင်ပြည်နယ်တိုင်းမှူး တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ နမခ ကို စက်တင်ဘာလလယ်က ရောက်လာခဲ့ပြီး မကြာခင်မှာပဲ တိုင်းလက်အောက်ခံတပ်တွေနဲ့ အလှမ်းဝေးတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွေကိုသွားပြီး စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့သလို မုံရွာ(နမခ) ဌာနချုပ်ကနေ စစ်ဆင်ရေး ချေမှုန်းရှင်းလင်းရေးလုပ်ငန်းတွေကို တိုက်ရိုက်ညွှန်ကြားနေတာလို့ တပ်တွင်းသတင်း အရင်းမြစ်တွေက ပြောပါတယ်။

စစ်ဌာနချုပ်တစ်ခုကို ကစထမှူး ၂ ယောက် အတူကွပ်ကဲခိုင်းတာဟာ စစ်တပ်သမိုင်းမှာ ထူးခြားဖြစ်ဆင်ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က အနောက်မြောက်စစ်ဒေသကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုက ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိန်းချုပ်နိုင်ဖို့ဆိုတာထက် ပိုတဲ့ အချက်တွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ (မပခ) ကချင်ပြည်နယ်တိုင်းမှူးအဖြစ် တာဝန်ယူချိန်က ကချင်ပြည်နယ်အတွင်း KIA နဲ့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တိုက်ရိုက်ညွှန်ကြားမှုတွေ လုပ်ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမြေပြင်မှာရောက်နေတဲ့ နယ်မြေခံတပ်တွေ တပ်မတွေနဲ့ မစိမ်းတဲ့သူဖြစ်တာကြောင့် (နမခ)ကို စေလွှတ်လိုက်တာ ဖြစ်နိုင်တယ်လို့ တပ်မတော်ထိပ်ပိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။

အနောက်မြောက်ပိုင်း စစ်ဒေသမှာ စစ်ကောင်စီရဲ့ တပ်တွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် အထိအခိုက်အကျဆုံးများနေပြီး လေကြောင်းပစ်ကူ ရေကြောင်းပစ်ကူတွေနဲ့ပါ တိုက်ခိုက်နေရတဲ့ စစ်ဒေသတစ်ခုဖြစ်ပါတယ်။

အဲဒီအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အနောက်မြောက်စစ်ဒေသကို ကစထမှူး ၂ ယောက်ကို စေလွှတ်လိုက်ရုံတင်မဟုတ်ဘဲ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးနဲ့ သံချပ်ကာယန္တရား တပ်ဖွဲ့ ညွှန်ကြားရေးမှူးတွေကိုပါ စေလွှတ်လိုက်တာပါ။

လက်နက်ကြီးပစ်ကူနိုင်ဖို့အတွက် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်ဝင်း သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့ပါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိနေပြီး သူတို့ဟာ သက်ဆိုင်ရာဌာနတွေရဲ့ အကြီးအကဲတွေဖြစ်တာကြောင့် အနီးကပ်ညွှန်ကြားနိုင်ဖို့ ရောက်နေတာလို့ တပ်တွင်းသတင်းအရစ်အမြစ်တွေကဆိုပါတယ်။

တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေမဟုတ်ဘဲ အာဏာသိမ်း ပြီးမှပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အခုလို စစ်ဆင်ရေးဗျူဟာ အရေးတကြီး လုပ်တာဟာ အဲဒီနေရာကို လက်လွှတ်လိုက်ရမှာကို စစ်တပ်က စိုးရိမ်နေပုံရတယ်လို့ CDM တပ်မတော်အရာရှိတစ်ယောက်က မှတ်ချက်ပြုပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ခေတ္တတိုင်းမှူး အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ လုံခြုံရေးရဲတပ်ရင်းတွေ တိုင်းရဲတပ်ဖွဲ့တွေကို တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားသွားမှာဖြစ်ပြီး စစ်ကောင်စီ စိုးရိမ်နေတဲ့ အနောက်မြောက်စစ်ဒေသကို စစ်ကောင်စီ လက်အောက်ခံ ကစထမှူး ၂ ယောက်က ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024