ရွှေဈေး တပတ်အတွင်း ကျပ် ၄ သိန်းခန့် ပြုတ်ကျ

ပြည်တွင်းအကယ်ဒမီရွှေတကျပ်သားစျေးက ရက်သတ္တပတ် တပတ်အတွင်းမှာ ကျပ် ၄ သိန်းခန့် ပြုတ်ကျသွားပြီး ဝယ်လိုအားလည်း ကျသွားတဲ့အကြောင်း ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ရန်ကုန်ရွှေစျေးကွက်မှာ အကယ်ဒမီရွှေ တကျပ်သားစျေးက စက်တင်ဘာ ၂၈ ရက်က ကျပ် ၂၂ သိန်း ၂ သောင်း အထိ စံချိန်တင်ရှိခဲ့ပြီး ကမ္ဘာ့ရွှေစျေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၄၀ ဒေါ်လာသာ ရှိခဲ့ပါတယ်။
ရက်သတ္တပတ်အကြာ ဒီကနေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁နာရီခွဲမှာ အကယ်ဒမီရွှေ တကျပ်သားစျေးက ကျပ် ၁၈ သိန်းခွဲသာ ရှိတာကြောင့် ရွှေစျေးက ရက်သတ္တပတ်အတွင်းမှာ ၄ သိန်းခန့် ပြန်ကျသွားပါတယ်။ ကမ္ဘာ့ရွှေစျေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၅၇ ဒေါ်လာရှိပါတယ်။
ပြည်တွင်းအကယ်ဒမီရွှေစျေး အခုလိုကျဆင်းလာတဲ့အပေါ် ရွှေစျေးကွက်လေ့လာသုံးသပ်သူတဦးက “လူတွေက အကြောင်းအမျိုးမျိုးကြောင့် သူတို့မှာ ရှိတဲ့ငွေတွေကို ရွှေနဲ့ ဖလှယ်ပြီး ဝယ်ကြတယ်ပေါ့။ အဲ့လိုဝယ်ယူတဲ့နေရာမှာ ရွှေစျေးက ကိုယ်မှန်း ထားတဲ့ပမာဏလောက် နည်းနည်းလေးရောက်သွားပြီဆိုရင် ထက်မဝယ်နိုင်တော့ဘူး။ အဲ့လိုမဝယ်နိုင်တဲ့ အတိုင်းအတာ ကြောင့်လဲ ရွှေစျေးက ကျတယ်။ ဒုတိယအချက်ကတော့ ရွှေစျေးက နည်းနည်း အေးတယ်လို့ ထင်တာနဲ့ သူသူ၊ကိုယ်ကိုယ် ဝယ်ချင်စိတ်က သိပ်မရှိတော့ဘူး။ အဲ့အတွက်ကြောင့် ရွှေမဝယ်လို့လည်း ရွှေစျေးက ကျတယ်။ တတိယအချက်ကတော့ ပြီးခဲ့တဲ့ရက်မှာ ဗဟိုဘဏ် ကြေညာချက်အရ ပို့ကုန်ရငွေတွေကို ရက်ပေါင်း ၃၀ အတွင်းပြန်ရောင်းဖို့ ထုတ်ပြန်လိုက်တဲ့ အပေါ် ဒေါ်လာစျေးကငြိမ်သွားတယ်။ ဒေါ်လာစျေးငြိမ်သွားတဲ့အတွက်ကြောင့်လည်း ရွှေစျေးက ကျသွားတယ်။ နောက်ဆုံးအချက်ကတော့ ရန်ကုန်တိုင်းရွှေအသင်းက နေ့စဉ် ရွှေပိသာချိန် ၂၀ ထုတ်ရောင်းပေးမယ်လို့ တရားဝင်ကြေညာပြီးတဲ့နောက် ရွှေစျေးက အေးသွားတယ်။ ဆိုတော့ ဒီအချက်တွေကြောင့် ပြည်တွင်းရွှေစျေးက ကျသွားတာပါ” လို့ပြောပါတယ်။
ရန်ကုန်ရွှေစျေးကွက်မှာ ရွှေစျေးနှုန်းကျဆင်းလာတာကြောင့် ရောင်းလိုအား၊ဝယ်လိုအား အခြေအနေနဲ့ပတ်သတ်ပြီး ရွှေလုပ်ငန်းရှင်တဦးက “စျေးကွက်ရဲ့သဘောကတော့ အခုလို စျေးကျလာပြီဆိုရင် ဒါက ဝယ်လိုအားနည်းပြီး ရောင်းလိုအားက များလာလို့ပါ။ ဒါက ထုံးစံပဲလေ။ တကယ်လို့ ဝယ်လိုအားများနေတယ် ဆိုရင်တော့ စျေးက မာတာပေါ့နော်။ အခုက စျေးက ကျနေတာလေ။ ကျနေတာဖြစ်တာကြောင့် ရောင်းလိုအားကများပြီး ဝယ်လိုအားကနည်းသွားတယ်။ ဒါကြောင့်အခု ဆိုရင် အရင်ဝယ်ထားတဲ့ သူတွေကလဲ ဒီအချိန် စျေးအေးမယ်ဆိုပြီးတော့ စျေးကွက်ထဲမှာ ပြန်ထုတ်ရောင်းလာကြတယ်။ အမှန်တကယ်တော့ ရွှေစျေး ၁၈ သိန်းဝန်းကျင်ဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ စျေးတန်းပါ” လို့ ဆိုပါတယ်။
ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ငွေလဲကောင်တာတွေမှာ ဒီကနေ့ အောက်တိုဘာ ၅ ရက် ဝယ်စျေးက မြန်မာငွေ ၁၉၃၀ ကျပ်နဲ့ ရောင်းစျေးက ၂၀၈၀ ကျပ်ရှိပါတယ်။