Monday, May 29, 2023
HomeLead Storyရေးမြို့ NLD အမတ်ဟောင်း၏မိခင် ပြန်လွတ်၊ သမီးဖြစ်သူအား ဆက်လက်ထိန်းသိမ်းထား

ရေးမြို့ NLD အမတ်ဟောင်း၏မိခင် ပြန်လွတ်၊ သမီးဖြစ်သူအား ဆက်လက်ထိန်းသိမ်းထား

မွန်ပြည်နယ်  ရေးမြို့မှ NLD အမတ်ဟောင်း ဦးမျိုးဝင်းရဲ့ အသက် ၉၄ နှစ်အရွယ် မိခင်ဖြစ်သူကို ပြန်လည်လွှတ်ပေးလိုက်ပြီး သမီးဖြစ်သူကိုတော့ ဆက်လက် ထိန်းသိမ်းထားရှိတယ်လို့  မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

အမတ်ဟောင်း ဦးမျိုးဝင်းရဲ့ မိခင်ဖြစ်သူနှင့်သမီးဖြစ်သူကို အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေက နေအိမ်ကနေ စစ်ဆေးမေးမြန်းစရာရှိလိုဆိုပြီး စစ်တပ်ထဲ ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မိခင်ဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် သမီးဖြစ်သူကိုတော့ ရေးမြို့မ ရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားခဲ့တာပါ။

“သူ့သမီးဖြစ်သူကိုလည်း ပြန်လွှတ်ပေးသင့်တယ်။ အခုလို သမီးဖြစ်သူကို ဆက်ပြီး ထိန်းသိမ်းရတာ သူ့သမီးက ဘာအပြစ်လုပ်ထားခဲ့လို့လဲ၊ အပြစ်မရှိရင်  ဓားစားခံသဘောမျိုး မဟုတ်ဘူးဆိုရင် အမြန်ဆုံးပြန်လည်လွှတ်ပေးစေချင်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။ 

အမတ်ဟောင်း ဦးမျိုးဝင်းဟာ ရှောင်တိမ်းနေတာဖြစ်ပြီး သူ့ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေက မကြာခဏ ဝင်ရောက်စစ်ဆေးမေးမြန်းတာ ခံနေရသလို နေအိမ်ကို လက်ပစ်ဗုံးနဲ့  ၁ ကြိမ် လုပ်ကြံခံရဖူးပါတယ်။

NLD ကိုယ်စားလှယ်တွေ၊  ပါတီထောက်ခံသူတွေအပြင် NUG ကို အားပေးအားမြှောက်သူ တွေကိုပါ စစ်ကောင်စီက ရှာဖွေဖမ်းဆီးတာတွေကို ဒေသအတွင်းမှာ အရှိန်မြှင့် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular