စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အာဏာဖီဆန် CDM ပြုလုပ်ပြီး ပြည်သူနဲ့လာရောက်ပူးပေါင်းတဲ့ ရဲဝန်ထမ်း ၂၀ ရှိတယ်လို့ ထီးချိုင့်ပြည်သူကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီထောက်ခံနေတဲ့ ဝန်ထမ်းမှန်သမျှ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားနုတ်ထွက်ကြဖို့ ဒေသတွင်းပြည်သူကာကွယ်ရေး ထီးချိုင့်PDFအင်အားစုတွေက တောင်းဆိုထားပါတယ်။
အခုလို တောင်းဆိုပြီးနောက် ရဲနဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ဝန်ထမ်းအများအပြား CDM ပြုလုပ်လာပြီး ထပ်မံ CDM ပြုလုပ်လာမယ့် ဝန်ထမ်းအားလုံးကို ပြည်သူတစ်ရပ်လုံးကိုယ်စား အလေးအနက်ထား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။
ထီးချိုင့်-ပြည်သူကာကွယ်ရေးတပ်က အောက်တိုဘာ ၃ ရက် မနေ့ ည ၈ နာရီက အလယ်တောကျေးရွာရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထီးချိုင့်မြို့ပေါ်ရဲစခန်းကိုလည်း ဒီနေ့ မနက် ၄ နာရီက လက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်သတိပေးခဲ့တယ်လို့ ထီးချိုင့်-ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။