ရုရှားတွင် တပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် ၆၀၀၀ ကျော် စံချိန်တင် သေဆုံး

ရုရှားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၆,၀၀၀ ကျော်ရှိခဲ့ပြီး ဒါဟာ ရောဂါစတင်ကူးစက်ချိန်ကစ ပထမဆုံးစံချိန်တင် သေဆုံးမှု ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်အတွင်း ၆,၀၈၁ ယောက် သေဆုံးခဲ့ပြီး အရင်တပတ်က စံချိန် ၅,၆၈၂ ယောက်ကို ကျော်လွန်သွားခဲ့တာဖြစ်ကာ လတ်တလောအချိန်ထိ နိုင်ငံတဝန်း သေဆုံးသူ စုစုပေါင်း ၂၀၉,၉၁၈ ယောက်ထိ ရှိလာနေခဲ့တာပါ။
ဒါ့အပြင် တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၂၅,၇၆၉ ယောက်ထိ ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက လက်ရှိအချိန်ထိ အမြင့်ဆုံးစံချိန်တင် ကူးစက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်း ရောဂါကူးစက်မှုနှုန်းဟာလည်း သုံးပတ်ဆက်တိုက် မြင့်တက်လာနေခဲ့ပြီး အရင်တပတ်က ၈ ဒသမ၅ ရာခိုင်နှုန်းနဲ့ ခုတပတ်မှာတော့ ၁၃ ဒသမ ၅ ရာခိုင်နှုန်းထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ရုရှားနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇ သန်းခွဲကျော်နဲ့ ကမ္ဘာ့ကူးစက်မှုအများဆုံး ထိပ်တန်း ၅ နိုင်ငံထဲ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ ရှေ့မှာတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ ယူကေနိုင်ငံတွေက ရောဂါကူးစက်မှု အမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရပ်တည်နေတာပါ။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၃၅ ဒသမ ၇၂ သန်းကျော်၊ သေဆုံးသူပေါင်း ၄ ဒသမ ၈၁ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၂၁၂ ဒသမ ၅၈ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။