ကေအန်ယူတပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်မှာ ကေအန်အယ်လ်အေ(KNLA)နဲ့ စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၃၀ ရက်က တရက်တည်း ရင်ဆိုင်တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၂၄ ယောက် သေဆုံးကာ အယောက် ၃၀ လောက် ဒဏ်ရာရသွားတယ်လို့ ကေအန်ယူက ဒီကနေ့ အောက်တိုဘာ ၃ ရက်မှာ သတင်းထုတ်ပါတယ်။
ကေအန်အယ်လ်အေ တပ်ရင်း (၁၀၂ )၊ တပ်ခွဲ (၂)နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စကခ (၈) လက်အောက်ခံ ခမရ (၄၀၈)က စစ်သား ၂၄ ယောက် သေဆုံးကာ အယောက် ၃၀ ထိခိုက်ဒဏ်ရာသွားတာ ဖြစ်ပြီး ဒဏ်ရာရသူတွေအထဲမှာ တပ်ရင်းမှူးအဆင့် ၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်းမှာ ကေအန်ယူဘက်က စစ်သည်တွေ ထိခိုက်ဒဏ်ရာရသေဆုံးတာ မရှိဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေ နယ်မြေကျူးကျော်စစ်အင်အားဖြည့်တင်းနေကြောင်းနဲ့ ကေအန်ယူ တပ်မဟာ ၅ အနေနဲ့ မိမိနယ်မြေကို ခုခံထိန်းသိမ်းဖို့နဲ့ ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ နယ်မြေစိုးမိုးမှုမရရှိစေဖို့ ဆောင်ရွက်နေကြောင်းလည်း ကေအန်ယူ သတင်းမှာဖော်ပြပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူး မြဝတီမြို့ကိုသွားရောက်စဉ် ကေအန်ယူတပ်မဟာ ၆ နယ်မြေကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတို့ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က အနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
မြန်မာနိုင်ငံ ဒေသအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ နေ့စဉ်လိုလို ထိခိုက်ဒဏ်ရာရ သေဆုံးနေတဲ့ သတင်းတွေကို စစ်တပ်ပိုင် မီဒီယာတွေနဲ့ စစ်ကောင်စီပြန်ကြားရေးက တကြိမ်မှ သတင်းထုတ်ပြန်တာ မရှိပါဘူး။
Photo-KNU