အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနက်ဖြန် အောက်တိုဘာ ၃ ရက်မှာ ကချင်ပြည်နယ် ပူတာအိုမြို့သို့ လာဖို့ ရှိတယ်လို့ ပူတာအို ၄၆ တပ်ရင်းမှ အရာရှိတစ်ဦးက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။
“ဒီနေ့လာတဲ့ နယ်လုံ၀န်ကြီးက ရှေ့ပြေး လာတာပါ။ မနက်ဖြန်တော့ မင်းအောင်လှိုင် လာမှာဖြစ်တယ်။ လာရင်းကိစ္စကတော့ ပြည်သူ့စစ်အဖွဲ့နဲ့တွေ့ပြီး ခေါင်းလန်ဖူးဘက်ကိုတက်ဖို့ ခရီးစဉ်ဆွဲထားတယ်” လို့ ၄၆ တပ်ရင်းမှ အရာရှိက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ကချင်ပြည်နယ်ခရီးစဉ်မှာ ပူတာအိုကိုတက်ဖို့ စီစဉ်ခဲ့ပေမဲ့ ကေအိုင်အေ တပ်မဟာ -၁ က မြစ်ကြီးနား-ပူတာအို ကားလမ်းကို ၃ ရက်ကြာပိတ်ခဲ့လို့ ပူတာအိုခရီးစဉ်ကို လုံခြုံရေးကြောင့် ဖျက်သိမ်းခဲ့ရပြီးနောက် ဒုတိယအကြိမ် ပူတာအိုကို သွားဖို့ စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပူတာအိုခရီးစဉ်မတိုင်မီ ပူတာအိုကာကွယ်ရေးတပ်ဖွဲ့ (PUTAO PDF) က ပြည်သူတွေ မျှော်လင့်သလို အဆင်သင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ကြေညာထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့ကတော့ ရှမ်းပြည်နယ် ခရီးစဉ်သွားရောက်နေပါတယ်။