ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်ရွာကြား ရင်ကွဲတောင်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီလောက်က ယာဉ်မတော်တဆမှု ဖြစ်ပွားကာ ကားတစ်စီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လာရှိုးကနေ မန္တလေးကို မောင်းနှင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်နဲ့ မန္တလေးကနေ လာရှိုးကို မောင်းနှင်လာတဲ့ ကုန်စုံတင်လာတဲ့ ကားငယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။
အဲဒီယာဉ်မတော်တဆမှုကြောင့် ကားငယ် မီးလောင်ကျွမ်းခဲ့ပြီး ကားငယ်ယာဉ်မောင်းမှာ တံတောင်ဆစ် ပေါက်ပြဲဒဏ်ရာ၊ ညာမျက်ခုံးအနီး ပွန်းပဲ့ဒဏ်ရာနဲ့နဖူးပေါက်ဒဏ်ရာ ရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့တဲ့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက မီးလောင်နေတဲ့ ကုန်စုံကားငယ်ကို မီးငြှိမ်းသတ်ခဲ့ပြီး လမ်းပေါ်ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းကာ ယာဉ်တွေ သွားရ လွယ်ကူအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo - ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း