Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲထားသည့် အဂတိမှု ခိုင်မာကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးတွင် ထွက်ဆို
DVB
·
October 1, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုအတွက် တရားလိုပြသက်သေအဖြစ်  အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားရုံးမှာ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ပြီး နောက်ရုံးချိန်းမှာ  ရှေ့နေတွေက အပြန်အလှန်မေးမြန်းဖို့ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိပုဒ်မအမှု ၄ ခုအတွက် ရုံးချိန်းခေါ်ခဲ့ရာမှာ ပထမဆုံးအမှုဖြစ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေချောင်းတွေနဲ့ အမေရိကန်ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စစ်ကောင်စီက ဦးဖြိုးမင်းသိန်းကို တရားလိုပြသက်သေအဖြစ် တင်သွင်းခဲ့တာပါ။

ဒီနေ့ရုံးချိန်းမှာ ဦးဖြိုးမင်းသိန်းကိုယ်တိုင်လာရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေဟာ ခိုင်မာကြောင်း ထွက်ဆိုခဲ့တယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်တွေကို မကျေနပ်တဲ့အတွက် နိုင်ငံခေါင်းဆောင်တွေရဲ့ရှေ့နေအဖွဲ့က အောက်တိုဘာ ၈ ရက်နေ့ ရုံးချိန်းကြရင် အပြန်အလှန်စစ်မေးခွင့်ပေးဖို့ တရားရုံးကိုတောင်းဆိုခဲ့ပြီး တရားရုံးက ခွင့်ပြုခဲ့ပါတယ်။

"ပထမတရားလို ဦးရဲထက်ကိုစစ်ပါတယ်။ ပြီးတော့ ဦးဖြိုးမင်းသိန်းလာပြီးတော့ ထွက်ပါတယ်ဗျာ။ စစ်တပ်က ဗီဒီယိုနဲ့ပြတဲ့အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီကို သုံးကြိမ်သွားပေးတယ်။ ရန်ကုန်တိုင်းဒေသကြီးကလုပ်ငန်းတွေကို ဆောင်မကြည့်ရှုဖို့အတွက် ပေးတယ်လို့ပြောတယ်ဗျ။" လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

"တရားခွင်ကိုဝင်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ်သူ ခုံနေရာမှာထိုင်တာပေါ့။ အဲ့ဒီကနေ သူကဖြတ်လျှောက်တာပေါ့။ နှုတ်ဆက်တာမပြောနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကိုမကြည့်တာဗျ။ တရားခွင်မှာ သက်သေထွက်တော့လည်း အသံတော်တော်တိုးလို့ ကျယ်ကျယ်ပြောဖို့ တရားရုံးကို တောင်းဆိုခဲ့ရပါတယ်။" လို့လည်း ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဦးဖြိုးမင်းသိန်းဟာ တရားရုံးထုတ်ကို ထွက်လာပေမဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာနဲ့ ပင်ကိုယ်အခံ နှလုံးရောဂါကြောင့် ကျန်းမာရေးကောင်းမွန်ပုံမရဘူးလို့ ရှေ့နေအဖွဲ့ကပြောပါတယ်။

"သူ့ဘာသာသူလာရတာ မဟုတ်ဘူးတဲ့။ အစီအစဉ်နဲ့လာတာ။ ဘယ်အစီအစဉ်လဲတော့ မပြောဘူးပေါ့ဗျာ။ အဲ့ဒီတော့ နောက်ရုံးချိန်းလာဖို့ သူဆုံးဖြတ်လို့မရပါဘူးလို့ ပြောတယ်။ ကျန်းမာရေးကတော့မကောင်းပါဘူးတဲ့။ တော်တော်မကောင်းဘူးလို့ပြောတယ်။ ကိုဗစ်လည်းဖြစ်တယ်တဲ့။ နှလုံးရောဂါလည်းရှိတယ်တဲ့။ သူက မျက်နှာကတော့ ညှိုးချုံးနေတာပဲ။ ပိန်လည်းပိန်ကျသွားပါတယ်။" လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့တာပါ။

ဇွန်လ ၉  ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုစုစု ပေါင်း ၁၁ မှုအထိရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024