ရှမ်းပြည်နယ်အတွင်းက ပြဿနာတွေကို ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းရမယ့်အစား စစ်ရေးနည်းနဲ့ ဖြေရှင်းနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)တို့ကို ကြီးစွာအံ့ဩမိကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ(RCSS/SSA)က အချက် (၆)ချက်ပါတဲ့ သဘောထားထုတ်ပြန်ချက်ကို အောက်တိုဘာ ၁ ရက် ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ မိမိတို့ RCSS/SSA က SSPP/SSAရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးပန်ဖ ကို စာရေးသားညှိနှိုင်းခဲ့တာကို အကြောင်းပြန်ခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။
အဆိုးဆုံးမှာ မိမိတို့ RCSS/SSA တပ်တွေကို လိုက်လံတိုက်ခိုက်နိုင်ဖို့ တပ်မတော်က TNLAနဲ့ SSPP တပ်တွေရဲ့ မော်တော်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကားလမ်းမကြီးအတိုင်း မြို့ရွာတွေကို လွတ်လပ်စွာဖြတ်သန်းသွားလာသယ်ယူခွင့်ပြုကာ အားပေးအားမြှောက်ပြုနေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီနောက်ပိုင်း တနေ့တခြား တိုက်ပွဲပြင်ထန်းလာပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ ကျဆုံးတဲ့အပေါ် အထူးဝမ်းနည်းရကြောင်းလည်း ရေးသားထားပါတယ်။
ဒါ့အပြင် ရှမ်းအမျိုးသားညီညွတ်ရေးကို ပျက်ပြားစေတဲ့ အရေးအသားတွေကို လူမှု ကွန်ရက်တွေပေါ်မှာ ဖြန့်ဝေတာ မပြုလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလ နိုင်ငံဝန်းက တိုင်းရင်းသားပြည်သူတွေက စစ်အာဏာရှင်ကို ရရာနည်းလမ်းနဲ့ တွန်းလှန်တိုက်ပွဲဝင်နေချိန်မှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ အကြား ပစ်ခတ်တိုက်ခိုက်နေကြလို့ လူထုက စိတ်ပျက်နေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေ သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။