ရနောင်းတွင် အအေးခန်းကားအတွင်း ပုန်းလိုက်လာသည့် မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ပင်လယ်စာငါးတွေ သယ်ဆောင်တဲ့ အအေးခန်းကားတစ်စီးပေါ်ကနေ တရားမဝင်ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၄ ဦး ဖမ်းဆီးရရှိကြောင်း  77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

 စက်တင်ဘာ ၂၉  ရက် ည ၉ နာရီလောက်က  ရနောင်းခရိုင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ အမှတ် ၂၅ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ကရပူရီမြို့နယ် မာ့မုအုပ်စု ရပ်ကွက် ၁ အပိုင်းရှိလမ်းပေါ် လုံခြုံရေးဆောင်ရွက်နေစဉ် ရနောင်းကနေ ချွန်းဖွန်းခရိုင်ဘက်ကို ဦးတည်မောင်းနှင်နေတဲ့  အဖြူရောင်  HINO အအေးခန်းပါကားတစ်စီးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အအေးခန်းတံခါးကို ဖွင့်ပြီး ဖုံးအုပ်ထားတဲ့ ပလတ်စတတ်ကို ဖွင့်ကြည့်ရာမှာ ပုန်းအောင်းလိုက်ပါလာတဲ့ ကျား ၉ ဦး၊ မ ၅ ဦး ပေါင်း (၁၄) ဦးတို့ကိုတွေ့ရှိပြီး ဘာသက်သေအထောက်အထားမှမရှိဘူးလို့ ဆိုပါတယ်။ 

ထိုင်းလူမျိုး ယာဉ်မောင်းသမား နိုင်းကစ်သီဖုန်း ဟစ်ကျင်းဒါး နဲ့ ဘေးကလိုက်ပါလာသူ နိုင်းယုဒ်ဆီနွန်းတို့က  သူတို့ဟာ ငါးတွေသွားပို့ပြီးအပြန်မှာ အဆိုပါလူတွေကို တင်ဆောင်ခဲ့တာလို့ ဝန်ခံသွားပါတယ်။ 

စစ်ဆေးချက်အရ သူတို့ ၁၄ ဦးမှာ မြန်မာနိုင်ငံ တနယ်စီကနေလာကြပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း နဲ့ ဆုန်ခလာမှာ အလုပ်သွားလုပ်ဖို့ ကော့သောင်းမြို့နယ် ဆိုင်းပူဆိုတဲ့ရွာကနေ လာစုကြကြောင်း၊ အဲဒီနောက် ၂၉ ရက် ညနေ ၆ နာရီလောက်မှာ စက်လှေနဲ့  ရနောင်းဘက်ကို ကူးလာကြတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ထိုင်းကားသမား ၂ ဦးအပါအဝင် သူတို့အားလုံးကို ကိုဗစ်-၁၉ စစ်ဆေးပြီး ဥပဒေအရအရေးယူသွားမယ့်အကြောင်း၊ အအေးခန်းပါကားကိုလည်း သိမ်းဆည်းလိုက်ပြီး နောက်ထပ်ပါဝင်ပတ်သက်သူတွေ စုံစမ်းအရေးယူသွားမယ်လို့ ပြောသွားပါတယ်။

More News
Up