အယ်လ်ဆာဗေဒိုသမ္မတ နုတ်ထွက်ရန် လူထောင်ချီ ဆန္ဒပြတောင်းဆို

အယ်လ်ဆာလ်ဗေဒိုနိုင်ငံရဲ့မြို့တော် ဆန်ဆာလ်ဗေဒိုရဲ့လမ်းတွေပေါ်မှာ စက်တင်ဘာ ၃၀ ရက်က လူပေါင်းထောင်ချီ ချီတက်ခဲ့ကြပြီး သမ္မတ နာယစ်ဘ်ဘူကီလီကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူအများစုက ဘူကီလီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ကြိုးပမ်းနေတဲ့ အာဏာရှင်လို့ စွပ်စွဲခဲ့ကြပြီး မကျေနပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ 

ဘူကီလီဟာ သူ့ရဲ့ဩဇာအာဏာကို အာရုံစိုက်မှုတိုးလာတဲ့အပေါ် စိတ်ပူပန်မှုတွေကို ပြေလျော့စေဖို့ ခပ်ပါးပါး ဟာသတခုလုပ်တဲ့အနေနဲ့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က သူ့ရဲ့တွစ်တာ အကောင့်မှာ သူ့ကိုယ့်သူ ဗဟိုအမေရိကနိုင်ငံရဲ့ အာဏာရှင်လို့ အများပြည်သူသိ ရေးသားဖော်ပြခဲ့ပါတယ်။ 

အဲဒီနောက် ပြည်သူတွေ စုဝေးပြီး သူ့ကိုရာထူးကနေ ဖယ်ပေးဖို့ တောင်းဆိုဆန္ဒပြ လာကြပါတယ်။

ဘူကီလီရဲ့အစိုးရအဖွဲ့ဟာ အလ်ဆာလ်ဗေဒိုရဲ့တရားရုံးချုပ် တရားသူကြီးနေရာကို သူ့ရဲ့အာဏာရပါတီကလူကို ခန့်အပ်လိုက်ပြီး အဲ့ဒီနောက်မှာ သမ္မတကို ဒုတိယသက်တမ်း အုပ်ချုပ်နိုင်မယ့်နည်းလမ်းတွေ လုပ်ဆောင်နေတာပါ။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဝါရှင်တန်က ရှုမြင်ထားပြီး ဘူကီလီ အစိုးရကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

တွစ်တာမှာ Follower ၃ သန်းနီးပါးရှိထားတဲ့ ဘူကီလီဟာ မနှစ်တုန်းကလည်း အမျိုးသား လွှတ်တော်ထဲကို စစ်တပ်တွေကို စေလွှတ်ခဲ့ပြီး အဆိုပြုထားတဲ့ အမိန့်နဲ့ဥပဒေတွေကို ခပ်မြန်မြန် အတည်ပြုဖို့ လုပ်ဆောင်ခဲ့တာကြောင့် လူဦးရေ ၆သန်းခွဲ ဝန်းကျင် ရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံမှာ ဒေါသထွက်ခဲ့ကြရပါသေးတယ်။ 

More News
Up