သာယာဝတီမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်မှာ  အန်အယ်လ်ဒီပါတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦးကို စက်တင်ဘာလ ၃၀ ရက် ည  ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခြင်းခံရသူမှာ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိတဲ့ သာယာဝတီမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ဦးကျော်ကိုကိုစိန် ဖြစ်ပြီး သူ့မိဘတွေရဲ့နေအိမ်မှာ ဖမ်းဆီးခံရတာလို့ သူ့မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

''သူ့ကို ညက ရဲနဲ့စစ်သားတွေလာဖမ်းသွားတာ ကိုဗစ်ဖြစ်နေလို့ခဏပြန်လာတာ။ ညကဖမ်းသွားပြီး အခုချိန်ထိဘယ်မှာဖမ်းထားလည်း မသိရသေးတော့ စိတ်ပူတယ်။ ကိုဗစ်လည်းဖြစ် နေတာဆိုတော့လေ'' လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးကျော်ကိုကိုစိန်ကို  ဖမ်းဆီးသွားစဉ် မိသားစုဝင်တွေရဲ့ လက်ကိုင်ဖုန်း ၅ လုံးကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကိုကိုစိန် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ သာယာဝတီရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ဦးကျော်ကိုကိုစိန်ဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက တိမ်းရှောင်နေရာကနေ ကိုဗစ်-၁၉ ကူးစက်ခံရပြီး နေမကောင်းဖြစ်နေလို့ မိဘတွေရဲ့နေအိမ်ကိုပြန်လာပြီး ဆေးကုသနေစဉ်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

More News
Up