CDM သံရုံးအရာထမ်း ၂ ဦးနေရာတွင် အစားထိုးခွင့်ပြုသည့်အပေါ် ဂျပန်အစိုးရကို ဆန္ဒပြ






တိုကျိုမြန်မာသံရုံးက CDM မြန်မာသံအရာရှိ ၂ ယောက်ရဲ့နေရာမှာ စစ်ကောင်စီခန့် ဝန်ထမ်း ၂ ယောက်နဲ့ အစားထိုးခွင့်ပြုလိုက်တဲ့အပေါ် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့မှာ စက်တင်ဘာ ၃၀ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
သံရုံးဝန်ထမ်း ၂ ယောက် CDM ဝင်ထားတာသိလျက်နဲ့ ဂျပန်အစိုးရက အကြမ်းဖက်မြန်မာစစ်ကောင်စီခန့်တဲ့သူတွေကို ထုတ်ပေးပြီး အစားထိုးခွင့်ပြုလိုက်တာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို မလေးစားတာ ဂရုမစိုက်တာဖြစ် နေလို့ အခုလို လာရောက်ဆန္ဒပြတာလို့ ဂျပန်ရောက်ချင်းတိုင်းရင်းသား ကိုလျန်ကျဲအိုက ပြောပါတယ်။
ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီက မတ်လ ၁၅ ရက် ရက်စွဲနဲ့ ရာထူးထုတ်ပယ်ကြောင်း ကြေညာထားတဲ့ CDM သံအရာရှိနှစ်ယောက်ရဲ့ သံတမန်ရာထူးအဆင့်အတန်းကို ဆက်လက် အသိအမှတ်ပြုကြောင်းနဲ့ အာဏာသိမ်းမြန်မာစစ်အုပ်စုမှစေလွှတ်သူတွေကို လက်မခံကြောင်း ဩဂုတ် ၁ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ပလောင်တိုင်းရင်းသားမိုင်ကျော်ဦးက“ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အထောက်အပံ့အကူအညီတွေ ထောက်ပံ့ခဲ့ပေမဲ့ အခုအချိန်ထိ မြန်မာပြည်သူတွေရဲ့ဆန္ဒ နိုင်ငံရေးအထောက်အပံ့ဘာတခုမှ ကူညီမဆောင်ရွက်ခဲ့ပါဘူး။ မြန်မာနိုင်ငံအပေါ်ထားတဲ့ နှစ်ဖက်ခွပေါ်လစီကို တော်တော်စိတ်ပျက််စရာဖြစ်နေတယ်” လို့ ပြောပါတယ်။
ဆန္ဒပြပွဲအတွင်း မြန်မာနိုင်ငံသားတွေရဲ့ ဂျပန်အစိုးရထံ ဆန္ဒသဘောထားတောင်းဆိုစာကို လည်းပေးအပ်ခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတဦးက လက်ခံရယူခဲ့ပါတယ်။
တောင်းဆိုစာထဲမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုသာ ဂျပန်အစိုးရအနေနဲ့အသိ အမှတ်ပြု ဆက်ဆံဖို့၊ အကြမ်းဖက်မြန်မာစစ်ကောင်စီနဲ့ စီးပွားဆက်ဆံမှုတွေရပ်တန့်ဖို့ အပါအဝင် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို အသိအမှတ်ပြုစေချင်ပြီးလေးစား ဆောင်ရွက်ပေးဖို့ ရေးသားထားတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာတာဝန်ခံ မစ္စတာ မတ်ဆုအိုခထံ စာပေးအပ်ခဲ့သူ ဦးမြင့်ဆွေက ရှင်းပြခဲ့ပါတယ်။
ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသား ၂၀၀ လောက် လာရောက်ပူးပေါင်းခဲ့ကြပြီး နွေဦးတော်လှန်ရေးသူရဲကောင်းတွေကို ဦးညွှတ်ဂုဏ်ပြုပွဲကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။