မလေးရှားတွင် ကိုဗစ်ကာကွယ်ဆေးမထိုးသည့် နိုင်ငံ့ဝန်ထမ်းများကို အရေးယူမည်

မလေးရှားနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းတွေအားလုံး နိုဝင်ဘာ ၁ ရက် မတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားဖို့ လိုအပ်ပြီး အဲဒီအချိန်ထိ မထိုးနှံရသေးတဲ့ ဝန်ထမ်းတွေကို ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
တကယ်လို့ ကျန်းမာရေးပြဿနာတခုခုကြောင့် ကာကွယ်ဆေးမထိုးနိုင်တဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးမှတ်တမ်းကို သက်ဆိုင်ရာ အစိုးရကျန်းမာရေးအရာရှိ အတည်ပြုချက်နဲ့ ဌာနအကြီးအကဲတွေကတဆင့် တင်သွင်းဖို့ လိုတယ်လို့ မလေးရှားပြည်သူ့ ဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး မထိုးနှံရသေးတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေးထိုး စင်တာတွေမှာ ဆက်လက်ထိုးနှံနိုင်မှာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့အထိ ထိုးနှံဖို့ ပျက်ကွက်တဲ့ ဝန်ထမ်းတွေကိုတော့ ၁၉၉၃ ခုနှစ် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်စည်းမျဉ်းဉပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လတ်တလောအချိန်ထိ မလေးရှားနိုင်ငံ့ဝန်ထမ်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကာ ကာကွယ်ဆေးထိုးနှံဖို့ မှတ်ပုံမတင်ရသေးသူ ၁၆,၉၀၀ လောက်ရှိနေတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဆိုင်ရာ ပြဿနာတခုခုကြောင့် မဟုတ်ဘဲ ကာကွယ်ဆေးထိုးနှံဖို့ ပျက်ကွက်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ အစိုးရအနေနဲ့ ဆွေးနွေးလိမ့်မှာ ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး ခိုင်ရီ ဂျမားလ်လုဒင်က ပြောပါတယ်။
ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရက်ဒ်ဇီ ဂျီဒင်ကတော့ ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေတဲ့ ဆရာဆရာမ ၂,၀၀၀ လောက်ကို လွှဲပြောင်းသွားဖို့ ကြေညာထားခဲ့ပြီး သူတို့ရဲ့ ခုလို လုပ်ဆောင်မှုတွေက သင်ကြားရေးနဲ့ သင်ယူမှုလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။