သရက်ချောင်းမြို့နယ် ဝင်းကဖော်ရွာက နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်​ချောင်းမြို့နယ်၊ ဝင်းကဖော်ကျေးရွာ​က  ပြည်သူ တစ်ဦးရဲ့ ​နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်က စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “မနေ့ မနက် ၁၀ နာရီလောက်မှာ စစ်တပ်က ဝင်းကဖော်ရွာကို ချောင်းကူးပြီး သေနတ်တွေပစ်ဖောက်ဝင်လာတယ်။ PDF တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ဝင်လာတာ။ နောက်ပြီး ၁၁ နာရီလောက်မှာ အိမ်တဆောင်ကို မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ဟာ နှစ်ထပ်အိမ်ဖြစ်ပြီး အိမ်ရှင်တွေကတော့ နေအိမ်မှာ မရှိဘဲ တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။

အဲဒီနေအိမ်က လူငယ်အချို့ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးသပိတ်မှာ ထဲထဲဝင်ဝင် ပါဝင်နေတာကြောင့် စစ်ကောင်စီတပ်က မီးရှို့သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွင်း နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး မီးရှို့ဖျက်ဆီးကာ ပစ္စည်း၊ ငွေ စတာတွေကိုလည်း ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဝင်းကဖော်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တွေ မကြာဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝင်းကဖော်ရွာမှာ အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၂၀၀၀ လောက်ရှိပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကောင်စီတပ်တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ သုံးပုံနှစ်ပုံလောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

သရက်​ချောင်းမြို့နယ်၊ သဲ​ချောင်းကြီးရွာ​မှာလည်း စက်တင်ဘာ ၂၉ ရက်ည ၁၂ လောက်ကလည်း ပြည်သူတစ်ဦးရဲ့ ​နေအိမ်ကို စစ်ကောင်စီတပ် အင်အား ၂၀ လောက်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နေ့စဉ်ဆိုသလို ဆန္ဒပြ နေကြတာလည်း ဖြစ်ပါတယ်။

More News
Up