မဲဆောက်တွင် လူကူးခုံးကျော်တံတား ဆယ်ဘီးကားတစ်စီးပေါ်ပြိုကျ၊ ၂ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ စက်တင်ဘာ ၃၀ ရက် ဒီကနေ့မနက်က ခုံးကျော်ကွန်ကရစ်တံတားပြိုကျပြီး အောက်မှာရှိတဲ့ ဆယ်ဘီးကားကို ဖိမိတာကြောင့် ကားထဲက လူ ၂ ယောက် သေဆုံးသွားပါတယ်။
မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် မြို့ပတ်လမ်းသစ် ဖတ်ထရဝိထယား ကိုယ်ပိုင်ကျောင်းရှေ့မှာ ဒီမနက် ၁၁ နာရီကျော်လောက်က ခုံးကျော်ကွန်ကရစ်တံတားပြိုကျပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း တိုင်ကြားချက်ရတဲ့အတွက် ချက်ချင်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ မဲဆောက်ရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါ တယ်။
တာဝန်ရှိသူတွေ လူနာတင်ယာဉ်တွေနဲ့အတူ ရောက်သွားချိန်မှာ မြေသယ်ဆယ်ဘီးကား တစ်စီးက ပြိုကျလာတဲ့ ကွန်ဂရစ်တံတားအောက်မှာ ပြားဝပ်နေတာကြောင့် ကရိန်းကား ၂ စီးနဲ့ ကားပေါ်ပိနေတဲ့ ကွန်ကရစ်တိုင်ကို အချိန် ၂ နာရီကြာ ဖယ်ရှားပစ်ရတယ်လို့ ဆိုပါတယ်။
ကားခေါင်းထဲမှာတော့ သေဆုံးနေတဲ့ ယာဉ်မောင်းသမားနဲ့ ဘေးကထိုင်လိုက်လာတဲ့ အလုပ်သမား ၁ ဦးတို့ကို တွေ့ရပြီး အမည်ကိုတော့ စုံစမ်းဆဲပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်၊
မျက်မြင်ပြည်သူတစ်ဦးကတော့ အဆိုပါဆယ်ဘီးကားဟာ အဲဒီနေရာနဲ့ မီတာ ၂၀၀ အကွာက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေကြီးတွေသွားသွန်ချပြီးအပြန် အမြင့်ပေ ၅ မီတာခွဲ လောက်ရှိတဲ့ ခုံးကျော်တံခါးအောက် ဖြတ်သွားစဉ် အခုလို မတော်တဆထိခိုက်မှုကြုံရတာလို့ ပြောပါတယ်။
ခုံးကျော်တံတား ပြိုကျရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဘဲလို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။