မကွေးတိုင်း၊ ပေါက်မြို့မှာ စက်တင်ဘာ ၂၉ ရက် ညပိုင်းက အာဏာဖီဆန် (CDM) ပြုလုပ်ထားတဲ့ ရဲတပ်သား တယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ခံတဦးက “မနေ့က ညနေက ပေါက်မြို့က လက်ဖက်ရည်ဆိုင် တဆိုင်မှာ လက်ဖက်ရည် သောက်နေတုန်း ဝင်ဖမ်းသွားတာ”လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ ရဲတပ်သားအဆင့် ကိုနေဝင်းဖြစ်ပြီး ပေါက်မြို့နယ်ရဲစခန်းမှာ တာဝန် ထမ်းဆောင်ရင်း ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန် (CDM) မှာ ပါဝင်လာကြောင်း သိရပါတယ်။
“မြို့နယ်ရဲမှူးကလည်း အသစ်ပြောင်းလာတာဆိုတော့ ဇွတ်ဖမ်းခိုင်းတာ။ သူ့မိန်းမမှာ ကိုယ်ဝန်က နေ့စေ့လစေ့ကြီးနဲ့”လို့ လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါတယ်။
ပေါက်မြို့နယ်မှာ CDM ပြုလုပ်ထားသူ ရဲဝန်ထမ်း ၈ ဦးရှိပြီး ကျန် ၈ ဦးဟာ လုံခြုံတဲ့ နေရာတွေမှာရောက်နေကြတယ်လို့ CDM အရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။