တရုတ်နိုင်ငံမြောက်ပိုင်း လျောင်းနင်းပြည်နယ်တစ်ခုလုံး မီးပြတ်

တရုတ်နိုင်ငံမြောက်ပိုင်း၊ လျောင်နင်းပြည်နယ် စက်ရုံတွေ၊ ယာဉ်ကြော အချက်ပြမီးတွေနဲ့ လူနေရပ်ကွက်တွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်လို့ ရှန်းယန်မြို့ခံတွေ စိုးရိမ်ကြောင်း စက်တင်ဘာ ၂၉ရက်မှာ ပြောခဲ့ကြပါတယ်။
ရေရော လျှပ်စစ်မီးပါ ပြတ်နေလို့ လူအများအပြားက ဖယောင်းတိုင်တွေ လာဝယ်ခဲ့သလို သယ်ဆောင်လို့ ရတဲ့ အားသွင်းစက်တွေကို ငှားခဲ့ကြတယ်လို့ ကုန်စုံဆိုင် အရောင်း ဝန်ထမ်း တယောက်က ပြောပါတယ်။
တရုတ်နိုင်ငံမှာ ကျောက်မီးသွေး ဖြန့်ဖြူးမှု ပြတ်လပ်ခဲ့တဲ့အပြင် ကုန်ထုတ်လုပ်သူတွေ၊ လုပ်ငန်းတွေနဲ့ လူနေအိမ်တွေက လျှပ်စစ်ဓာတ်အား လိုအပ်ချက် အားကောင်းလာလို့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ဝန်ပိလာခဲ့တာပါ။
ကျောက်မီးသွေး ဈေးကလည်း စံချိန်တင် မြင့်တက်ခဲ့ပြီး နေရာ တော်တော်များများမှာ ဓာတ်အား သုံးစွဲမှု ကန့်သတ်ခဲ့ရပါတယ်။
လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေဆီ မရှိမဖြစ် လိုနေတဲ့ ကျောက်မီးသွေးတွေ ဖြန့်ဖြူး ပို့ဆောင်ဖို့ တရုတ်အစိုးရဟာ ရထား ကုမ္ပဏီတွေနဲ့ ဒေသခံ အာဏာပိုင်တွေကို ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ပါတယ်။