တောင်ဆူဒန်ကို ငြိမ်းချမ်းရေးတပ် နှစ်ဆတိုးလွှတ်တော့မည်

814
တောင်ဆူဒန်နိုင်ငံမှာ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ အင်အား ၂ ဆ ထပ်တိုးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုထားတာကို လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အတည်ပြု ပေးလိုက်ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးတပ်အင်အား ၇၀၀၀ နဲ့ ရဲအင်အား ၉၀၀ ကနေ တပ်အင်အား ၁၂,၅၀၀ နဲ့ ရဲအင်အား ၁၃၂၃ တိုးလာမှာ ဖြစ်ပါတယ်။
ဇူလိုင်လက ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဒုတိယသမ္မတ ရိဒ် မာချာ (Riek Machar) ဦးဆောင်တဲ့ သူပုန်အဖွဲ့တွေနဲ့ အစိုးရတပ်တွေ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သား ၄ သောင်းခွဲဟာ ကုလသမဂ္ဂက ဖွင့်ထားပေးတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အိုင်အယ်လ်အိုဝန်ထမ်း ၁ ဦးလည်း ပြီးခဲ့တဲ့ အပတ်ထဲမှာ အသတ်ခံခဲ့ကြရပါတယ်။
လူဦးရေ ၁၁ သန်းနီးပါးရှိတဲ့ တောင်ဆူဒန်နိုင်ငံဟာ ဆူဒန်နိုင်ငံကနေ ၂၀၁၁ ခုနှစ်က ခွဲထွက်လာတဲ့ ရေနံကြွယ်ဝတဲ့ သက်တမ်းအနုဆုံး နိုင်ငံသစ်တခု ဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ တောင်ဆူဒန်မှာ ဖြစ်နေတာတွေဟာ နိုင်ငံရေးပြဿနာတွေ ဖြစ်တာမို့ နှစ်ဖက်ခေါင်းဆောင်တွေ နိုင်ငံရေးနည်းနဲ့ အမြန်ဆုံး ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာတော့ သူပုန်တွေ သိမ်းပိုက်ထားတဲ့ အချက်အချာကျတဲ့ ဘိုဝါ (Bor) မြို့ကို အစိုးရတပ်တွေ ပြန်လည်သိမ်းပိုက်ရရှိပြီလို့ အစိုးရက ကြေညာခဲ့ပါတယ်။
