ထိန်းမရအောင် ထိုးကျနေတဲ့ မြန်မာ့ကျပ်ငွေတန်ဖိုးကြောင့် ဈေးမငြိမ်ဖြစ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်း ကျော်အထိတက်သွားပြီး နာရီပိုင်းအတွင်း ကျပ် နှစ်သိန်းကျော် ပြန်လည်ကျဆင်းသွားပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်း ၂ သောင်း ဝန်းကျင်ရှိခဲ့ပေမဲ့ မွန်းလွဲပိုင်းမှာ ကျပ် ၂၀ သိန်းကို ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဘဏ်တွေနဲ့ မြန်မာကျပ်ငွေအပေါ် လူထုယုံကြည်မှု လျော့ကျ လာတာ၊ နိုင်ငံတကာ ငွေကြေးအကူအညီတွေ ရပ်ဆိုင်းခံခဲ့ရတာ၊ ပို့ကုန်တင်ပို့မူကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေ ဘီလီယံနဲ့ ချီလျော့ကျတာ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုလုပ်ငန်း (FDI)တွေ ဝင်ရောက်မှုလျော့ကျသွားတာစတဲ့ အချက်တွေကြောင့် ပြည်တွင်းမှာ ဒေါ်လာနဲ့ရွှေဈေးနှုန်းတွေ စံချိန်တင် တဟုန်ထိုးမြင့်တက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ မကြာသေးခင်က ကားတင်သွင်းခွင့်ကို ယာယီပိတ်ကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာကျပ်ငွေ ထိန်းမရအောင် ထိုးကျနေတာကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ ကားတင်သွင်းခွင့် မူဝါဒ အသစ်ဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်အနေနဲ့လည်း ဒေါ်လာစျေးထိန်းနိုင်ဖို့ ဒေါ်လာသန်းပေါင်းများစွာ စျေးကွက်ထဲ ထည့်သွင်းပေးနေပေမဲ့လည်း အရာမထင်ဖြစ်နေဆဲပါ။