ဆွီဒင်တွင် ပေါက်ကွဲမှုကြောင့် အဆောက်အအုံ မီးလောင်၊ လူ ၄ ဦး ပြင်းထန်ဒဏ်ရာရ

ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂိုသမ်ဘာ့ဂ်မြို့က လူနေရပ်ကွက်အလယ်မှာ စက်တင်ဘာ ၂၈ ရက်က ပေါက်ကွဲလို့ လူ ၄ ယောက် အပြင်းအထန်ဒဏ်ရာရပြီး လူနေအဆောက်အအုံတခု မီးလောင်ခဲ့ပါတယ်။
အဆောက်အအုံဝင်ပေါက် မီးစွဲလောင်ပြီး ပြတင်းပေါက်တွေကနေ မီးခိုးတွေ ထွက်နေတဲ့ ရုပ်သံကို ဆွီဒင်ရဲ့ TV4 ရုပ်သံက ပြခဲ့ပါတယ်။ ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မီးလောင်ပေါက်ကွဲတဲ့နေရာမှာ အရေးပေါ်ဌာန ဝန်ထမ်းတွေ၊ မီးသတ်သမားတွေက မီးခိုးတွေ အူထွက်နေတဲ့ လူနေအဆောက်အအုံထဲကနေ လူတွေကို ဆွဲထုတ်အပြီး လူ ၁၆ ယောက်ထက်မနည်းကို ဆေးရုံတင်ပေးခဲ့ရပါတယ်။
တမြို့လုံးက ဆေးရုံတွေဆီ လူ ၂၅ ယောက်ကို တင်ပို့ကုသပေးခဲ့ရတယ်လို့ ဆွီဒင် ပြည်သူ့ရေဒီယို SR က ကြေညာပါတယ်။
ရဲတွေက ပေါက်ကွဲမီးလောင်မှုကို စုံစမ်းစစ်ဆေးနေပြီလို့ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။
ဓာတ်ငွေ့ယိုစိမ့် ပေါက်ကွဲတာ မဖြစ်နိုင်ဘူးလို့ သူတို့က ပြောပေမဲ့ နောက်ထပ် ထင်မြင်ယူဆချက်တွေကိုလည်း မပြောခဲ့ပါဘူး။
ပေါက်ကွဲတဲ့နေရာနဲ့ မီးလောင်တဲ့နေရာတွေက လူရာချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ အရေးပေါ်ဌာန ပြောခွင့်ရက ပြောပါတယ်။
ဆွီဒင်နိုင်ငံမှာ လတ်တလောနှစ်တွေအတွင်း အုပ်စုဖွဲ့ရာဇဝတ်မှုတွေ တိုးလာပြီး ပြိုင်ဘက် အုပ်စုတွေက ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ဖောက်ခွဲရေးပစ္စည်းတွေ သေနတ်တွေကို ကိုင်ဆောင်လာခဲ့ကြပါတယ်။