ပခုက္ကူမြို့ပေါ် လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းဆုံအနီးမှာ ကင်းလှည့် ရဲကားအတွင်း ဗုံးပစ်ထည့်ခံရပြီး ပေါက်ကွဲကာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြို့ပေါ်ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကားက အရှေ့ကနေ ဗိုလ်ချုပ်လမ်းအတိုင်း အနောက်ကို ဦးတည်သွားနေတာ ဆိုင်ကယ်နဲ့ လာတဲ့လူတွေက ကားပေါ်ကို ဗုံးပစ်ထည့်သွားတာ၊ ချက်ချင်း ပေါက်ကွဲမှုဖြစ်တာပဲ၊ နေရာမှာတင် နှစ်ဦးသေတယ်။ ၃ ဦးက ဒဏ်ရာရတယ်။ ကားပေါ်မှာတော့ ဘယ်နှယောက် ပါမှန်းမသိလိုက်ဘူး။ သေတာကတော့ ကားယားလေးတွေပဲ၊ ဝုန်းခနဲ အသံကြားလိုက်တော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့ပေါ်မှာ ရဲကား၊ စစ်ကားတွေက ညနေ ၅ နာရီဝန်းကျင်မှာ မြို့ပေါ်မှာ အမြဲ ကင်းလှည့်ပတ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ရဲကားမှာ အမိုးပွင့်လှန်သွားတယ်လို့ သိရပါတယ်။