ကန်ကျနပူရီခရိုင်တွင် မြန်မာ ၂၂ ဦး ပိတ်ဆို့ဖမ်းဆီးခံရ၊ ၉ ဦး ထွက်ပြေးလွတ်မြောက်

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ရက်ခြားဆိုသလို ဖမ်းဆီးခံနေရတာမှာ  စက်တင်ဘာ ၂၇ ရက်နေ့ကလည်း နောက်ထပ် ၁၃ ဦး အဖမ်းခံရပြီး ၉ ဦး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ 

ကန်ကျနပူရီခရိုင် ကန်ကျနပူရီမြို့ ဘန့်ကောင်ကျေးရွာအုပ်စုရှိ တောအုပ်ထဲမှာ မသင်္ကာ  ဖွယ်လူတစ်စုရောက်ရှိနေကြောင်း ရွာသားတွေက အကြောင်းကြားလာတဲ့အတွက်  စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက နယ်မြေခံရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ ဘန့်ကောင်အုပ်စု နယ်မြေ ၇ ကျေးရွာအုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ 

တာဝန်ရှိသူတွေက မင်္ကာသူတွေရှိရာတဝိုက်ကို လူစုခွဲပိတ်ဆို့ထားပေမယ့် အဆိုပါလူ တွေက သူတို့ကိုလှမ်းမြင်ကတည်းက တောတောင်ထဲကို ထွက်ပြေးသွားကြကြောင်း ထွက်ပြေးသူတွေကို လိုက်လံဖမ်းဆီးရာမှာ ၁၃ ဦးသာ ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင် နဲ့ ရန်ကုန်ဘက်ကလာတာဖြစ်ကြောင်း၊ ထိုင်းမှာအလုပ်လုပ်ဖို့ ပွဲစားခ တစ်ဦးကို ဘတ် ၂၂၀၀၀ စီပေးရပြီး သူတို့အဖွဲ့မှာ ၂၂ ဦး ဝင်လာတာကာ ထိုင်းနိုင်ငံအတွင်းပိုင်းဝင်ဖို့ အဆိုပါ တောအုပ်ကနေ အဆက်အသွယ်စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ဓာတ်ပုံရိုက်၊ ကိုယ်ရေးမှတ်တမ်းယူထားပြီး ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။ 

အဆိုပါ ဘန့်ကောင်အုပ်စု တောတောင်ထဲမှာပဲ စက်တင်ဘာ ၂၆ ရက်နေ့က တရားမဝင်ဝင်ရောက်လာသူ  ၁၂  ဦး၊ စက်တင်ဘာ ၂၄ ရက်နေ့က ၁၀  ဦး နဲ့  ၂၃ ရက်နေ့က ၁၄  ဦး ဖမ်းဆီးရမိတာကြောင့် စက်တင်ဘာ ၂၃ မှ ၂၇ ထိ ၅ ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၀ နီးပါးအဖမ်းခံရပြီး သူတို့တွေဟာ ပွဲစားခ ဘတ် ၁၆၀၀၀ မှ ၂၂၀၀၀ ထိ ပေးခဲ့ရပါတယ်။ ကိုးကား -  #MGR_THAICRIME

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up