မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် ၅၆ လမ်း နဲ့ ၅၈ လမ်းကြား၊ ၁၁၅ လမ်း နဲ့ ၁၁၆ လမ်းအနီးက မန္တလေး–ပြင်ဦးလွင် ရထားသံလမ်းတံတား စက်တင်ဘာ ၂၈ ရက် မနက် ၇ နာရီကျော်အချိန်က ဖောက်ခွဲခံရပါတယ်။
အဲ့ဒီလို ဖောက်ခွဲခံရပေမယ့် မန္တလေး–ပြင်ဦးလွင် ရထားသံလမ်းတံတား ပျက်စီးတာနဲ့ လူအထိအခိုက် ဒဏ်ရာရ မရှိခဲ့ဘူးလို့ ကန်သာယာရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။
“ပေါက်ကွဲသံကတော့ အကျယ်ကြီးကြားရတယ်။ အဝေးကကြည့်တာတော့ ပျက်စီးသွားတာ မတွေ့ရဘူး” လို့ ကန်သာယာရပ်ကွက်နေပြည်သူ တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးမကြာခင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။