မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊အလူးလေးကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် တယောက် စက်တင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းဝင်းကို သူကိုယ်ပိုင်ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ အမည်မသိ သေနတ်သမား နှစ်ယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဦးသန်းထွန်းဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာပါတယ်။
ဦးသန်းထွန်းဝင်းဟာ ပြီးခဲ့တဲ့မေလက သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေရဲ့ ယောက်ဖဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးသန်းထွန်းဝင်းကို လုပ်ကြံခဲ့တာဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဘီးလင်း တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဦးသန်းထွန်းဝင်းဟာ စစ်ကောင်စီကို သတင်းပေးပြီး တော်လှန်ရေး အင်အားစုတွေကို အနှောင့်အယှက်ပေးနေလို့ သုတ်သင်ရတာလို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီ သတင်းပေး ဒလန်တွေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်လက် ချေမှုန်းသွားမယ်လို့ ဘီးလင်းတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။