စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအားလုံးပါး နုတ်ထွက်စာ တင်ထားကြပြီး တာဝန်တွေကနေ ရပ်နားသွားကြကြောင်း မြို့နယ်ထွေအုပ်အသိုက်အဝန်းက သိရပါတယ်။
ထွေအုပ်နဲ့နီးစပ်သူတဦးက “အခုလ စက်တင်ဘာ ၂၅ ရက်နေ့ကတည်းက နုတ်ထွက်စာတွေ တင်လာကြတာ။ ဝယာကျေးရွာ၊ ကျောက်စစ်ကန်ကျေးရွာ၊ ရွှေလှေကျေးရွာ၊ မှန်ချိုကျေးရွာ၊ ညောင်ပင်သာရွာ၊ ကင်းမွန်တောကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားကြတာ” လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ် အကြမ်းဖက် စစ်ကောင်စီလက်အောက်က ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေအားလုံး အခုလ စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့နဲ့ ပျက်ကွက်ပါက သုတ်သင်ချေမှုန်းသွားမယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU-PDF) က စက်တင်ဘာ ၂၄ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။
“နုတ်ထွက်သွားတဲ့သူတွေကိုတော့ သိပ်မယုံရသေးဘူး။ စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ စစ်အာဏာရှင် လက်အောက်က အမြန်ရုန်းထွက်နိုင်ဖို့ ချောင်းဦး PDF နဲ့ အတူ ဒီမြို့က ပြည်သူတွေက လက်တွဲညီဖို့လိုလိမ့်မယ်” လို့ ဒေသခံတဦးက မှတ်ချက်ပြုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၇ အုပ်စုရှိပြီး ရာထူးကနေ မနုတ်ထွက်သေးတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေလည်း ရှိနေသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။