တာလီဘန်အစိုးရအနေဖြင့် တရားရေးလမ်းကြောင်းအရ အပြစ်ပေးသင့်ဟု ကဘူးလ်ပြည်သူပြော

တာလီဘန်တွေရဲ့ အပြစ်ပေးမှုဟာ ရာဇဝတ်မှုဖြစ်တာကို ဟန့်တားရာမှာ ကူညီနိုင်မယ်လို့ မျှော်လင့်ပေမဲ့ တရားမျှတမှုကို အကောင်အထည်ဖော်တဲ့နေရာမှာတော့ စိုးရိမ်တယ်လို့  အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က ဒေသခံတွေက စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

ကဘူးလ်ဒေသခံ နူးရူးဟာဆန်က “သူခိုးဖမ်းပြီး အပြစ်ပေးတဲ့နေရာမှာ သူတို့လုပ်ပုံဟာ တရားဥပဒေစိုးမိုးရေးအတွက် အင်မတန် ကောင်းတယ်လို့ ယုံပါတယ်။ ဒါပေမဲ့ တရားရေးလမ်းကြောင်းတချို့ မပါဘဲ မလုပ်သင့်ဘူး၊ ဒီအတွက် အထူးဌာနထားသင့်ပြီး ဌာနရဲ့ စည်းမျဉ်းအောက်မှာ လူတွေကို အပြစ်ပေးသင့်တယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်က နိုင်ငံအနောက်ပိုင်း ဟီရတ်မြို့မှာ တာလီဘန်အာဏာပိုင်တွေက ပြန်ပေးသမား ၄ ယောက်ကို သတ်ခဲ့ပြီး တခြားပြန်ပေးသမားတွေကို ဟန့်တားဖို့ သူတို့ အလောင်းတွေကို လူမြင်ကွင်းမှာ တွဲလောင်းချိတ်ထားခဲ့တယ်လို့ ဒေသခံအစိုးရ အရာရှိ တယောက်က ပြောပါတယ်။

နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပေမဲ့ အာဖဂန်နစ္စတန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ လုယက်မှု၊ သတ်ဖြတ်မှု၊ ပြန်ပေးမှုတွေလို ရာဇဝတ်မှုတွေ ရပ်တန့်ရေး ဥပဒေချိုးဖောက်သူတွေကို ပြင်းထန်မြန်ဆန်တဲ့နှုန်းနဲ့ အပြစ်ပေးတာတွေ ဆက်လုပ်သွားမယ်လို့ တာလီဘန်တွေက ပြောခဲ့ပါတယ်။ 

၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်ကြား ပြင်းထန်တဲ့ အုပ်ချုပ်ပုံကို တကျော့ပြန်သုံးဖို့ မရည်ရွယ်ဘူးလို့ တာလီဘန် အရာရှိတွေက ပြောခဲ့ပေမဲ့ သူတို့ အမှန်တကယ် ပြောင်းလဲခဲ့ပြီဆိုတဲ့ အချက်ကို ပြင်ပ ကမ္ဘာက လက်ခံယုံကြည်အောင် တာလီဘန်တွေ ကြိုးစားရုန်းကန်နေရပါတယ်။

တာလီဘန်စစ်ပြန်တွေနဲ့ တရားသေဝါဒီတွေ ပါဝင်တဲ့ အမျိုးသားသီးသန့်အစိုးရကို ဖွဲ့စည်းခဲ့အပြီး လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up