စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ မုံရွေး ကြေးမုံရွာမှာ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၂၇ ရက် မနက် ၅ နာရီခွဲလောက်က ပိတ်ဆို့ပြီး ပြည်သူတွေကို ဖမ်းဆီးပစ်ခတ်နေတယ်လို့ သိရပါတယ်။
မနက် ၁၀ နာရီအချိန်ထိ စစ်ကောင်စီတပ်တွေဟာ မုံရွေး ကြေးမုံရွာကို ဝိုင်းထားပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ ၁၀ ဦးထက်မနည်း ဖမ်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတစ်ဦးက "မနက် ၅ နာရီခွဲလောက်ကတည်းက မုံရွေး ကြေးမုံကျေးရွာကို စစ်ကောင်စီတပ်တွေ ဝိုင်းခံထားရပါတယ်။ အခုအချိန်ထိရှိနေတုန်းပဲ။ ပြည်သူတွေကို ပစ်သတ်တာတွေ ဖမ်းဆီးတာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကိုလည်း ရိုက်နှက်နှိပ်စက်နေတာကြောင့် သေဆုံးသူအရေအတွက် များလာ နိုင်ပြီး ဘေးပတ် ဝန်းကျင်ရွာတွေက ဝိုင်းဝန်းထကြွပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။
မုံရွေး ကြေးမုံရွာကို စစ်ကောင်စီတပ်တွေ ဘာအကြောင်းကြောင့် ဝိုင်းတယ်ဆိုတာ တိတိကျကျ မသိရသေးပေမဲ့ ဒေသခံတချို့ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ လှုပ်ရှားမှုတွေ ကြောင့်လို့ သုံးသပ်ကြပါတယ်။