Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အိမ်ခြေ ၁၄,၀၀၀ နီးပါး ရေဘေးသင့်
DVB
·
September 27, 2021

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၂၃ မှ ၂၆ နေ့အတောတွင်း တိန့်မူအမည်ရှိ မုန်တိုင်းဝင်ရောက်ခဲ့ တာကြောင့် ခရိုင်ပေါင်း ၁၄ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပြီး အိမ်ခြေပေါင်း ၁၄၀၀၀ နီးပါး ရေဘေးသင့်ခဲ့တယ်လို့ ထိုင်းနိုင်ငံသဘာဝဘေးအန္တရယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ယမန်နေ့ညက ထုတ်ပြန်ပါတယ်။ 

အဆိုပါ ခရိုင် ၁၄ ခုမှာ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဖိကျစ်၊ ခွန်ကဲန်၊ ချိုင်းယဖွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဥဘွန်းရာ့ချ်ဌာနီ၊ နခွန်းဆဝမ်၊ ချိုင်းယားနတ်၊ ဆင်းဘူးရီး၊ အယုဒ္ဓယ ခရိုင်တို့ဖြစ်ကြပြီး အဲဒီထဲက မြို့နယ်ပေါင်း ၅၅ မြို့နယ်၊  ၁၇၈ အုပ်စု၊  ၈၃၉ ရပ်ကွက်/ကျေးရွာ၊ မြူနီစီပါယ်ဧရိယာ ၁ ခု နဲ့ အိမ်ခြေပေါင်း  ၁၃၉၃၀ အိမ် ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် တောင်ပြိုလမ်းပိတ်၊ တံတားကျိုး၊ လမ်းမကြီးရော လမ်းသွယ်တွေပါ ပိတ်ဆို့ကာ လူနေအိမ်တွေ၊ ကားနဲ့ဆိုင်ကယ်တွေ၊ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ 

ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာတော့ ချင်းမိုင်၊ လမ်းပန်း၊ လမ်းပွန်း နဲ့ တာ့ခ်ခရိုင်တွေမှာ ရေတွေကျသွားပြီဖြစ်ပေမဲ့ ထိုင်းနိုင်ငံအထက်ပိုင်းက ရေတွေဟာ အလယ်ပိုင်းကို ဆင်းလာမှာဖြစ်တဲ့အတွက် စက်တင်ဘာ ၂၇ မှ ၃၀ ရက်နေ့အတွင်း ထိုင်းအလယ်ပိုင်းဒေသနေပြည်သူတွေ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ထိုင်းအမျိုးသား မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ 

အထူးသဖြင့် မယ်နန်ချောင်ဖရာမြစ်ကမ်းတလျှောက်ရှိ ဥထိုင်းဌာနီ၊ ချိုင်းယားနတ်၊ ဆင်းဘူးရီး၊ အန်ထောင်း၊ ဆုဖန်းဘူးရီး ၊ လုပ်ပူရီ ၊ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ နွန်ထပူရီ၊ ဘန်ကောက်၊ စမွတ်ဆခွန်း၊ စမွတ်ပရကန်စတဲ့  ၁၂ ခရိုင်နေပြည်သူတွေအနေနဲ့ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ထားကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 

ရေဘေးသင့်အရေးပေါ်အကူအညီလိုအပ်ပါက အရေးပေါ်လိုင်း ဖုံးနံပါတ် ၁၇၈၄ ကို ၂၄ နာရီ ခေါ်ဆိုဆက်သွယ်နိုင်ပြီး Line ID @1784DDPM  မှာလည်း ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကိုးကား -  https://www.khaosod.co.th/around-thailand/news_6641633

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024