Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံး
DVB
·
September 27, 2021

စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကလေးဝမြို့ကြားက ဂုံညင်းကျေးရွာအနီးမှာ စက်တင်ဘာ ၂၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်က နှစ်ဖက်အလောင်းတွေ အများအပြားတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မနေ့က မနက် ၇ နာရီဝန်းလောက်ကနေ နေ့လယ် ၁ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို  ညနေပိုင်းမှာလည်း တိုက်ပွဲတစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ နာရေးကူညီဆောင်ရွက်ခဲ့သူတစ်ဦးက “မနက်ခင်း တစ်ကြိမ်တုန်းကတော့ စစ်ကောင်စီဘက်က ၅ ဦး ကျတယ်။ ပြည်သူဘက်က ၁ ဦး ကျတယ်လို့ ပထမပိုင်း သိရတယ်။ ညနေပိုင်း တစ်ကြိမ်ထပ်ဖြစ်တယ်။ ညနေပိုင်း ဖြစ်တဲ့ တိုက်ပွဲ ကျဆုံးတာတွေ စက်တင်ဘာ ၂၆ ရက်နေ့မှ အလောင်းကောက်ရတယ်ဗျ။ လောလောဆယ်တော့ စစ်သားယူနီဖောင်းပါတဲ့ အလောင်းတွေပါတယ်။ ယူနီဖောင်းမပါတဲ့ ပျူစောထီးအလောင်းတွေရော တွေ့ရတယ်။ စုစုပေါင်း စစ်ကောင်စီဘက်က ၁၅ လောင်း ဒီနေ့ တွေ့ရတယ်။ ပြည်သူဘက်က လက်နက်မဲ့ပြည်သူတွေ ပါသလို၊ PDF အဖွဲ့ဝင်တွေလည်း ပါတယ်ဗျ။ အကုန်လုံး စုစုပေါင်း ၁၃ ဦးပေါ့။ ပြေးကြလွှားကြရင်း သေတာတွေရှိသလို၊ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးတဲ့ ရဲဘော်လေးတွေလည်း ရှိတယ်ဗျ။ ပြည်သူအလောင်းက ၇ လောင်းလောက်ရှိမယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်၊ လေးအိမ်စုနဲ့ စည်ပင်ကြီးရွာနားမှာလည်း  စက်တင်ဘာ ၂၆ ရက်‌ နေ့လယ်ပိုင်း ၂ နာရီမှ ညနေ ၄ နာရီခွဲလောက်ထိ  PDF (Kalay) နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်ဟာ ကလေးမြို့တောင်ဘက် ချင်းဆိုင်ရွာအတွင် ဝင်ရောက်မွှေနှောက်ကာ သာစည်ရွာကတဆင့် အနောက်အရပ်ကိုဦးတည်ပြီး ချီတက်လာချိန် လေးအိမ်စုနဲ့ စည်ပင်ကြီးရွာနားမှာ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက စည်ပင်ကြီးရွာဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ပြီး စည်ပင်ကြီးကတဆင့် မြို့လှ၊ အင်ဒိုင်းကုန်းဘက်သို့ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သား အနည်းဆုံး ၃ ဦး‌ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရပြီး PDF (Kalay) နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့က ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေက  ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ ထိုးစစ်တွေ အင်အားအလုံးအရင်းနဲ့ ဆင်နွှဲနေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024