တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၀၀ ကျော်၊ ၆၂ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ၆၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၄၃၆ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၃၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၃၂ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၉၂၂ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၅၂၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၅၈,၁၅၄ ယောက် ရှိနေပါတယ်။

 ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုစက်တင်ဘာလ ကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားသလို နိုင်ငံတဝန်း စာ သင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ ကြေညာထားပါတယ်။  ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up