စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီစစ်တပ်က လေကြောင်းကနေရော မြေပြင်ကနေပါ စစ်အင်အားထောင်ချီနဲ့ စတင်ဝင်ရောက် စစ်ဆင်နေတဲ့အတွက် ဒေသခံကာကွယ်ရေး တပ်သားတွေကို ကူညီပေးကြဖို့ ပင်လည်ဘူး PDF က တောင်းဆိုလိုက်ပါတယ်။
“သတင်းအမှောင်ချခံရပြီး ယုတ်မာရက်စက်တာကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲခံနေရကာ အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။ ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်” လို့ ပင်လည်ဘူး PDF က လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
ဒီထက်ပိုပြီး အသေအပျောက်မများခင်၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် တနိုင်ငံလုံးက PDF တွေအနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာဖွင့်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။
ပင်လယ်ဘူးမြို့နယ်အပါအဝင် ကောလင်း၊ ဝန်းသိုမြို့နယ်တွေကို စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီး ပင်လည်ဘူးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေ ထိုးစစ်စတင်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင်၊ အရာတော်၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတလင် စတဲ့မြို့နယ်တွေမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက အင်တာနတ်ဖြတ်တောက်ထားပါတယ်။