စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကံစုကျေးရွာကို စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေ ဝင်ရောက်လာခဲ့ပြီး ရွာသားတွေရဲ့ နေအိမ်တချို့ကိုမီးရှို့ မွှေနှောက် ဖျက်ဆီးသွားပါတယ်။
ဘန့်ဘွေးကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကံစုကျေးရွာကို ဒီမနက်ပိုင်းက ဝင်ရောက်ခဲ့ပြီး ဘန့်ဘွေးကျေးရွာနဲ့ ကံစုကျေးရွာကြားမှာရှိတဲ့ တောနေအိမ်နဲ့ အိမ်ထဲရှိ ဆိုင်ကယ်ပါ မီးရှို့သွားခဲ့သလို ကံစုကျေးရွာအတွင်းက နေအိမ် ၁ လုံးကိုလည်း မွှေနှောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ခံလိုက်ရတဲ့ နေအိမ်ပိုင်ရှင်ဟာ ဦးချစ်ကြည် ဆိုသူဖြစ်ပြီး မွှေနှောက်ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင်ကတော့ ဦးဟိန်းဇော်ရဲ့ နေအိမ် ဖြစ်ပါတယ်။
ကံစုကျေးရွာကို ဝင်ရောက်စဥ်က စစ်ကောင်စီတပ်ဖွဲ့တွေက ရွာသား ၄ ဦးလောက်ကို ဖမ်းဆီးခဲ့ပြီး အသက်ကြီးပိုင်း ၁ ဦးကိုတော့ ပြန်လည်လွှတ်ပေးလိုက်ကာ ကျန်တဲ့သူတွေ လွှတ်ပေးခြင်းရှိ၊ မရှိ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။