စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်အုပ်စု၊ ရွာသာကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဖခင် ဦးဝင်းကျော်ယုဟာ စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီခွဲကျော်က နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ ရွာသားတွေထံက သိရပါတယ်။
ဒေသခံရွာသား တစ်ယောက်က “အခုလေးတင် အသတ်ခံလိုက်ရတာဗျ။ လာသတ်တဲ့သူတွေက နယ်ခံတွေ မဟုတ်တာတော့ သေချာတယ်။ ဆိုင်ကယ် သုံး၊ လေးစီးနဲ့ သံတို၊ သံစ ဝယ်တာလိုလိုနဲ့ အိမ်ထဲ သေနတ်နဲ့ ဝင်ပစ်သွားတာ။ သေနတ်သံကတော့ သုံးချက် ကြားလိုက်ရတယ်ဗျ။ သေမလား၊ ရှင်မလားတော့ မသိဘူး။ ရွာသားတွေ အကုန်လုံးကတော့ ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အသက် ၅၀ အရွယ် ဦးဝင်းကျော်ယုမှာ သားသမီး ၄ ယောက်ရှိကာ နှစ်ဦးက အင်ဂျင်နီယာနဲ့ တစ်ဦးက ရဲဝန်ထမ်းနဲ့ ဆယ်တန်းကျောင်းသား အငယ်ဆုံးတစ်ယောက် ရှိတယ်လို့ သိရပါတယ်။
သူ့ရဲ့ သားသမီးဝန်ထမ်းအားလုံးဟာ CDM တစ်ယောက်မှ မလုပ်တဲ့အပြင် သေဆုံးသူ ဦးဝင်းကျော်ယုကိုယ်တိုင်ကလည်း ရဲ၊ စစ်သား စတာတွေနဲ့ အဝင်အထွက်လုပ်နေတာတော့ ရှိတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။