ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းကြောင့် မြန်မာတနိုင်ငံလုံးမှာ မိုးရွာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၅ နာရီခွဲအချိန် တိုင်းထွာရရှိတာကို မနက် ၇ နာရီမှာ ထုတ်ပြန်လိုက်တာပါ။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အနောက်အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဂူးလက်ပ် (GULAB)”ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၈၀ လောက်၊ ဂွမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄၆၅ လောက်၊ ဟိုင်းကြီးကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄၇၀ လောက် ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
ဒါကြောင့် ဒီညနေအထိ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကြား၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန် တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေကျလို့ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျတုန်း ရေပြင် မြေင်ပြင်လေဟာ တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေလောက် ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။