စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာအနီးမှာ စက်တင်ဘာ ၂၆ ရက် မနက် ၇ နာရီလောက်က လိုက်ထရပ်ကားနဲ့ ကြက်သွန်လှည့်လည်ရောင်းသူ ဈေးသည် နှစ်ဦးကို ကားရော လူပါ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တောကုန်းရွာက ကြက်သွန်လှည့်ရောင်းတဲ့ကားလို့ သိရတယ်ဗျ။ သူတို့ခြံထွက် ကြက်သွန်လှည့်ရောင်းတာလို့ ပြောတယ်။ အခုလည်း သူတို့ရွာကနေ ဝက်လက်မြို့ပေါ်ကို ကြက်သွန်သွားရောင်းတာ ပင်းဇင်းရွာထိပ်ကနေ ဆီးဖမ်းသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
လတ်တလောကာလ ဥယျာဉ်ခြံစိုက်ပျိုးရေးသမားတွေဟာ ဖောက်သည်ဈေးကွက် မရှိတဲ့အတွက် သူတို့ရဲ့ ခြံထွက်သီးနှံတွေကို ကိုယ်တိုင်ရောင်းချနေကြရတာဖြစ်ပြီး ကားတတ်နိုင်သူတွေက ကားနဲ့ လှည့်လည်ရောင်းချနေကြရသလို ဆိုင်ကယ်တတ်နိုင်သူတွေကလည်း ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချနေကြရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဝက်လက်မြို့နယ်၊ တောကုန်းကျေးရွာကလို့ သိရပြီး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာနဲ့ ဖမ်းဆီးခံရသူတွေရဲ့ အမည်တွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။