ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်က ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းတွေ ခွန်ဆိုင်ယန် ကျေးရွာကို ရောက်လာလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီစစ်ကြောင်း ခွန်ဆိုင်ယန်ကျေးရွာကို ရောက်လာချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေဟာ လဝါးကျေးရွာက ဘုရားကျောင်းနဲ့ နီးစပ်ရာဆွေမျိုးတွေေ နေအိမ်တွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ ၃ နာရီလောက် စစ်ကြောင်း ရွာထဲဝင်လာတော့ လဝါးဘက်ကို ပြေးကြတယ်။ လဝါး က KBC ဘုရားကျောင်းနဲ့ RC ဘုရားကျောင်းတွေမှာ တိမ်းရှောင်နေတယ်။ ဆွေမျိုးတွေ အိမ်တည်းတဲ့ သူ လည်း ရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ခွန်ဆိုင်ယန်ကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး သက်ကြီးရွယ်အိုတွေနဲ့ အိုမင်းမစွမ်းရှိသူတွေသာ ကျေးရွာမှာ ကျန်ခဲ့တယ်လို့ သိရပါတယ်။