မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်း ရပ်ကွက်၊ ၁၅ လမ်း ၊ ၈၈ လမ်း နဲ့ ၈၉ လမ်းကြားမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၅၀ ကျော်အရွယ် မင်းတဲအီကင်းရပ်ကွက်၊ အကွက်မှူး ဦးဌေးဝင်းဟာ အိမ်ရှေ့က ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းနေချိန် ဆိုင်ကယ်စီး လူ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုကြပါတယ်။
“အကွက် ၈၉ က အကွက်မှူး ပစ်ခံရတာ။ သူက သံဖြူလုပ်တာ။ ပစ်သွားတာ ဆိုင်ကယ်နဲ့ လာတဲ့ အမျိုးသမီးဆိုပြီး ပြောသံကြားတယ်။ ပစ်ခံရတဲ့ အကွက်မှူးက မသေဘူးတဲ့” လို့ အောင်မြေသာစံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့ ဦးဌေးဝင်းဟာ လည်ပင်း ကျည်မှန်ခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားကာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
အကွက်မှူး ဦးဌေးဝင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ သူတို့အဖွဲ့ဖြစ်ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း မန္တလေးမြို့ ၅၄ နဲ့ ၅၅ လမ်းထောင့် ၁၁၅ F လမ်းက ကွက်စိတ်မှူး ဒလန် သက်ကိုနဲ့ စက်တင်ဘာ ၂၄ ရက်က ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ၁၂၆ နဲ့ ၁၂၇ ကြား ၅၅ လမ်းပေါ်ရှိ သတင်းပေးဒလန် သိန်းထွန်းတို့လည်း သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။